ဂါးလက်စ်ရဲ့ ခန့်မှန်းချက်ကတော့ တကယ်ကိုထိတ်လန့်စရာပါပဲ။

ဒီရာသီမှာ လီဗာပူးလ်က ပရီးမီးယားလိဂ်အဆင့် ၄ အတွင်း ဝင်မှာမဟုတ်သလို ချန်ပီယံလိဂ်ကနေ စောစောစီးစီးပြုတ်မယ်လို့ နာမည်ကျော်နောာက်ခံလူ ဝီလျံဂါးလက်စ်က မိုက်မိုက်ကန်းကန်းကို ဟောကိန်းထုတ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ ခြောက်ရာသီဆက်တိုက် လီဗာပူးလ်ဟာ ထိပ်ဆုံး ၄ သင်းစာရင်းထဲဝင်ခဲ့သလို အမှတ်ပေးဖလားကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

အဆိုပါ ၆ နှစ်အတွင်းမှာ ဒုတိယက ၂ ကြိမ်အထိရရှိခဲ့ပြီး အဆင့် ၃ က တကြိမ်၊ အဆင့် ၄ က နှစ်ကြိမ်ရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ဗိုလ်လုပွဲကို ထပ်မံတက်ရောက်နိုင်ခဲ့တဲ့အထိလည်း စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒီရာသီအဖွင့်ပွဲမှာတော့ လီဗာပူးလ်ဟာ တန်းတက်ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၂ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး သရေတမှတ်သာ ရရှိထားပါတယ်။ 

ဂါးလက်စ်က "လန်ဒန်ကစားသမားဟောင်းတဦးအနေနဲ့ (အာဆင်နယ်နဲ့ချယ်လ်ဆီးမှာကစားခဲ့သူပါ) ပြောရမယ်ဆိုရင်တော့ ဒီရာသီ ပရီးမီးယားလိဂ်ကို ချယ်လ်ဆီး၊ အာဆင်နယ် ဒါမှမဟုတ် စပါးတို့ ဆွတ်ခူးပါလိမ့်မယ်၊ ထိပ်ဆုံးလေးသင်းနေရာမှာ လီဗာပူးလ်ပါမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဆာဒီယိုမာနေးမရှိတော့သလို လူး၀စ္စဒီယက်ဇ်က မာနေးလိုမျိုး အသင်းအတွက် လုပ်ပေးနိုင်မှာမဟုတ်လို့ပါပဲ"

"ဖူလ်ဟမ်နဲ့ပွဲမှာ ကျနော်တို့တွေ့ခဲ့ရသလိုပဲ လီဗာပူးလ်က အမြဲတမ်းဂိုးတွေပေးနေရမှာပါ၊ လီဗာပူးလ်ကစားတာကို ကျနော်သဘောကျတာတောင်မှပဲ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ကိုပဲ ထိပ်ဆုံး ၄ သင်းနေရာရောက်မယ်ထင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့တာဖြစ်ပါတယ်။ 


ဂါးလက်စ်ရဲ့ ခန့်မှန်းချက်ကတော့ တော်တော်လေးတော့ အရဲစွန့်ပြောဆိုရာရောက်နေတာပါ။ လက်ရှိမှာ လီဗာပူးလ်က မန်စီးတီးပြီးရင် အကောင်းဆုံးအသင်းလို့ဆိုရမှာဖြစ်သလို မန်စီးတီးကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အရည်အသွေးမျိုးပိုင်ဆိုင်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ဂါးလက်စ်ရဲ့ ခန့်မှန်းချက် မှန်၊မမှန်ဆိုတာကိုတော့ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က