ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူရူဒီဂါက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်တို့ အရေးနိမ့်ခဲ့တာကို ပျော်ရွှင်မိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရူဒီဂါဟာ မနေ့ကမှ ရီးရဲလ်ကစားသမားအဖြစ်နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး အသင်းသစ်မှာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ရူဒီဂါက ရီးရဲလ်နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ရူဒီဂါက ပြောဆိုခဲ့တာဖြစ်ပြီး လီဗာပူးလ်ကို အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတွေမှာ အရေးနိမ်ခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က အနိုင်ယူခဲ့တာကို ဝမ်းသာမိတယ်လို့ ပြောခဲ့တာပါ။
"ရီးရဲလ်မက်ဒရစ်ဆိုတာက နိုင်ပွဲရဖို့ပါ၊ ဒီအသင်းမှာ ကစားရတာက အဲဒါကြောင့်ပဲ အဓိပ္ပာယ်ရှိပြီး အခုတော့ စတင်ဖို့အတွက် ကျနော်မျှော်လင့်နေပါပြီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရတာကို ကျနော်တကယ်ပျော်ခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့ လီဗာပူးလ်ကို ဗိုလ်လုပွဲ ၂ ကြိမ်အရေးနိမ့်ခဲ့ပါတယ်၊ ဒါပေမယ့် ရီးရဲလ်က သူတို့ကို ပြန်အနိုင်ရချိန်မှာ ကျနော်ဝမ်းသာမိခဲ့ပါတယ်"
"သူတို့နဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ကလည်း တကယ်ပြင်းထန်ခဲ့ပါတယ်၊ ဘာနေဗျူးမှာ ကျနော် ပထမဆုံးအကြိမ်ကစားခဲ့ဖူးတာပါ၊ ပရိသတ်တွေဆီကနေ အံ့အားသင့်စရာတွေကို မြင်တွေ့ခဲ့ရပြီးတော့ တကယ်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်၊ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ဆိုတာက ကျနော့်အတွက်တော့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်နိုင်ခဲ့တာပါ" လို့ ရူဒီဂါက ပြောဆိုသွားခဲ့ပါတယ်။
ရူဒီဂါဟာ ချယ်လ်ဆီးရဲ့ အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြနေခဲ့သူဖြစ်ပြီး စုစုပေါင်း ၂၀၃ မှာ ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူလည်းဖြစ်ပါတယ်။