ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ကစားရမှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက လီဗာပူးလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ခံစစ်ကစားမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပထမအကျော့တုန်းက အန်ဖီးလ်မှာ အိမ်ရှင်လီဗာပူးလ်ကို ၅-၂ န​ဲ့ အနိုင်ရရှိထားခဲ့လို့ ရီးရဲလ်ဟာ အိမ်ကွင်းမှာ ကြီးမားတဲ့ အခွင့်အရေးကောင်းနဲ့ ကစားရမှာဖြစ်ပြီး ကွာတားဖိုင်နယ်ကို ခြေတဖက်လှမ်းထားနိုင်ခဲ့ပြီလို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ရှိနေတာပါ။ 

အဝေးဂိုးဥပဒေမရှိတော့တာကြောင့် လီဗာပူးလ်အနေနဲ့ ရီးရဲလ်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့ရင် အချိန်ပိုဆက်ကစားခွင့်ရမှာဖြစ်ပြီး လုံး၀အနိုင်ရဖို့ဆိုရင်တော့ ၄ ဂိုးအထိ သွင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ရီးရဲလ်ကတော့ ဒီပွဲမှာ ဖိအားမရှိဘဲ ကစားရမှာဖြစ်သလို အိမ်ကွင်းလည်းဖြစ်တာကြောင့် ခံစစ်ကစားမယ်လို့ အားလုံးကထင်မှတ်ထားပေမယ့် အန်ဆယ်လော့တီကတော့ တိုက်စစ်ပဲကစားမယ်လို့ ပြောသွားခဲ့တာပါ။ 

"လီဗာပူးလ်က ဒီကို အရာအားလုံးပြောင်းလဲဖို့အတွက် လာမှာပါ၊ ကျနော်တို့က တိုက်စစ်ရော၊ ခံစစ်ရောကို မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်ရပါမယ်၊ ကျနော်တို့ ခံစစ်ကို အားပြုမှာမဟုတ်ပါဘူး၊ တိုက်စစ်ကိုပဲ ကျနော်တို့ တွေးနေတာပါ၊ စိတ်ပိုင်းဆိုင်ရာအဆင့်ပွဲတပွဲမှာ လီဗာပူးလ်က ကျနော်တို့ထက် ပိုပြီးတော့ ရှုပ်ထွေးမှုရှိနေပါလိမ့်မယ်"

"ပွဲအစတမိနစ်ကနေစပြီး လီဗာပူးလ်က သူတို့ရဲ့ အကောင်းဆုံးအရာတွေကို အကုန်လုံးထုတ်သုံးပြီး ကစားမှာပါ၊ ဘာတွေပဲဖြစ်လာဖြစ်လာပေါ့၊ ပထမအကျော့မှာလည်း ဒါကို မြင်တွေ့ခဲ့ရပြီးပါပီ၊ ကျနော်တို့ကလည်း ပွဲစကတည်းက လုပ်နိုင်သမျှအားလုံးကို လုပ်သွားမှာဖြစ်ပါတယ်၊ ဒါပေမယ့် ကျနော်တို့မှာ ပြိုင်ဘက်ထက် မေးခွန်းတွေ ပိုများနေပါတယ်" လို့ အန်ဆယ်လော့တီက ပြောဆိုသွားခဲ့ပါတယ်။ 

လီဗာပူးလ်ကစားသမားတွေဖြစ်တဲ့ ဖာဘင်ဟို၊ အာနိုးလ်တို့ကလည်း ဒီပွဲမှာ လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့လက်မလျှော့သေးဘူးလို့ ပြောဆိုထားပါတယ်။ 

Share

Loading Next Article...
က္က