၂၀၁၇ ခုနှစ်တုန်းက လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ၎င်းကို အန်းဖီး ပြောင်းရွှေ့လာဖို့ စည်းရုံးခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးဟာ ၂၀၁၇ ခုနှစ်တုန်းက ယာဂန် ကလော့ပ်ဆီကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

အသက် ၃၄ နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ ၎င်းရဲ့ မျိုးဆက်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရှုမြင်ခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိမှာ ဘာစီလိုနာအတွက် ၃၄ ပွဲမှာ သွင်းဂိုး ၂၇ ဂိုးနဲ့ အောင်မြင်တဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်းက ၂၀၁၇ ခုနှစ်တုန်းက လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ၎င်းကို အန်းဖီး ပြောင်းရွှေ့လာဖို့ စည်းရုံးခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ ၂၀၁၇ ခုနှစ်တုန်းက မြူးနစ်မှာ Audi Cup ပြိုင်ပွဲမှာ လီဗာပူးလ်ကို လက်ခံယှဉ်ပြိုင်ကစားခဲ့ပါတယ်။ကျွန်တော်တို့ အဲဒီပြိုင်ပွဲအတွင်းမှာ စကားပြောခဲ့ကြတယ်။ ကလော့ပ်က မင်း လီဗာပူးလ်ကို မလာချင်ဘူးလားလို့ မေးခဲ့တယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးတော့ ကျွန်တော် ရယ်မောခဲ့တယ်။ သူ လုံးဝ အတည်ကြီးပြောနေတာလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် လီဗာပူးလ်ကို သွားဖို့က ကျွန်တော့်စိတ်ထဲမှာဘယ်တုန်းကမှ မရှိခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

လီဗာပူးလ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒမရှိခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက် လီဝန်ဒေါစကီးက အစောပိုင်း နှစ်တွေတုန်းက မန်ချက်စတာယူနိုက်တက်ကိုတော့ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ခဲ့မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော် အဲဒီအချိန်ကို လုံးဝ မှတ်မိနေတယ်။ ကျွန်တော်တို့ ဒေါ့မွန်နဲ့ ရာသီကြို ကြိုတင်ပြင်ဆင်မှုအဖြစ်နဲ့ ခြေစမ်းပွဲကစားခဲ့တယ်။ ဘိုချမ်နဲ့ ကစားခဲ့တာလို့ ထင်တယ်။ ကျွန်တော် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတယ်။ ကျွန်တော် အဝတ်လဲခန်းထဲက ကျွန်တော့်ဖုန်းကို ကြည့်ခဲ့တယ်။ +၄၄ နဲ့ စာတို ဝင်နေတယ်။ ဖာဂူဆန်က ကျွန်တော့်ကို ဖုန်းခေါ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြီးတော့ စာတိုပို့ထားခဲ့တယ်။ သူ ကျွန်တော့်ကို စကားပြောချင်ခဲ့တာပါ။ ကျွန်တော်က အဝတ်လဲခန်းထဲပဲ ရှိသေးပြီး ရေတွေဘာတွေ ချိုးပြီးတော့ သူ့ကို တိတ်ဆိတ်တဲ့ ထောင့်တစ်ထောင့်ကနေ ဖုန်းပြန်ခေါ်လိုက်တယ်။ ကျွန်တော့်အင်္ဂလိပ်စကားပြောက အဲဒီတုန်းက အခုလောက် မကောင်းဘူး။ သူက စကော့လေသံတော်တော် ထွက်ပါတယ်။ ကျွန်တော် သူ ဘာပြောလဲဆိုတာ နားလည်အောင် အာရုံစိုက်ခဲ့ရတယ်။ အဲလက်စ် ဖာဂူဆန်က ဖြည်းဖြည်းလေး ပြောပြီး နားလည်သဘောပေါက်အောင် ကြိုးစားခဲ့တယ်။ ကျွန်တော်က အသက် ၂၂ နှစ်ပဲ ရှိသေးပြီး အဲဒါက ထူးခြားတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒေါ့မွန်အသင်း စီအီးအို ဝက်ဇ်ကီနဲ့ ကလော့ပ်တို့ကို စကားပြောခဲ့တယ်။ ကျွန်တော် မန်ယူနိုက်တက်ကို သွားချင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေက မဖြစ်နိုင်ဘူး ရောဘတ်။ ငါတို့မင်းကို လိုအပ်တယ်။ မင်း ဒီမှာပဲ ဆက်နေရမယ်လို့ ပြောခဲ့ကြတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က