လီဗာပူးလ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ မာနေးကတော့ အသင်းသစ်နဲ့အတူ ပထမဆုံးတရားဝင်ပွဲကို ကစားပြီးနောက် ပထမဆုံးဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ မာနေးက အသင်းအတွက် တဂိုးသွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်က ၅-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ ရာသီသစ်ကို ကြိုဆိုတဲ့ပွဲမှာ သူတို့ထုံးစံအတိုင်း ပြိုင်ဘက်ကို ဂိုးပြတ်သွင်းကာ ဦးဆောင်နိုင်ခဲ့ပါတယ်။ မူစီယာလာက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး မာနေး၊ ပါဗက်တို့က နောက်ထပ်ဂိုးတွေ ဆက်တိုက်သွင်းကာ ပထမပိုင်းမှာပဲ ၃-၀ နဲ့ ဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် လိုက်ဇစ်က ချေပဂိုးတဂိုးပြန်သွင်းပြီး နာဘရီက နောက်ထပ်ဦးဆောင်ဂိုးသွင်းကာ ၄-၁ ဖြစ်နေပြီး လိုက်ဇစ်က ၂ဂိုးဆက်တိုက် ချေပခဲ့လို့ ၄-၃ ဖြစ်ကာ အကြိတ်အနယ်ရှိခဲ့ပါတယ်။
ဒါပေမယ့် ဆာနေးက နာကျင်အချိန်ပိုမှာ ဂိုးထပ်သွင်းပြီး ဘိုင်ယန်ကို အနိုင်သေချာစေခဲ့ပါတယ်။ မာနေးကတော့ ၂၀၂၂ ခုနှစ်ထဲမှာ အောင်မြင်မှုတွေကို ဆက်တိုက်ရယူနေနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့အတူ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား၊ ဆီနီဂေါနဲ့ အာဖရိကဖလားဆွတ်ခူးပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ဦးဆောင်ကာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။
အာဖရိကတနှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ရက်ပိုင်းလောက်အကြာမှာပဲ ဘိုင်ယန်နဲ့ ဂျာမန်စူပါဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါကြယ်ပွင့်အတွက်တော့ ၂၀၂၂ က ကျေနပ်လောက်စရာကောင်းလောက်အောင်ကို အောင်မြင်ခဲ့တဲ့ နှစ်ဖြစ်နေခဲ့ပါတယ်။
ဆီနီဂေါကစားသမားတွေထဲမှာ အအောင်မြင်ဆုံးကစားသမားအဖြစ်နဲ့ မာနေးက မှတ်တမ်းဝင်နေပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်ကစားသမားဟာ ဘိုင်ယန်ကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံးတရားဝင်ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ကာ အောင်မြင်မှုလည်းရရှိခဲ့တာဖြစ်ပါတယ်။