ဒီနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းပွဲအတွက် တိုက်စစ်မှူးသစ်ဟာလန်းက အသင့်ဖြစ်နေပြီလို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ နံပါတ် ၉ တိုက်စစ်မှူးအသစ်ကို မြင်တွေ့နေရတဲ့အပေါ် ကျေနပ်မိတယ်လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကာ အရမ်းကောင်းတဲ့ကစားသမားဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် ပုံမှန်ကျင်းပနေကျဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီ အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲကို ဒီနေ့မှာကစားကြမှာပါ။ လီဗာပူးလ်မှလည်း ပေါင်သန်း ၈၀ တန်တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ပါဝင်လာဖွယ်ရှိနေလို့ ဟာလန်းနဲ့ နူနက်ဇ်တို့ရဲ့ အားပြိုင်မှုကိုလည်း ပရိသတ်တွေ စိတ်လှုပ်ရှားဖွယ်ရာ မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။
ဂွာဒီယိုလာက "လီဗာပူးလ်နဲ့ပွဲအတွက် ဟာလန်းကအသင့်ဖြစ်နေပါပြီ၊ ကျနော့်ရဲ့ ပထမဆုံးအမြင်မှာတင် သူက အရမ်းကောင်းတဲ့ကစားသမားဆိုတာကို သိခဲ့ပါတယ်၊ သူက ရယ်စရာလည်းကေငာ်းတယ်၊ အသင်းမှာ ကောင်းကောင်းမွန်မွန်နဲ့ကို သူ အထိုင်ကျနေပါပြီ၊ အဝတ်လဲခန်းထဲမှာ ကောင်းမွန်တဲ့ခံစားချက်တွေရဖို့က အရေးကြီးပါတယ်၊ သူ့မိသားစုကို ကျနော်တို့ ကူညီခဲ့တယ်၊ နေထိုင်ဖို့အိမ်ရအောင်လည်း ကူညီပေးခဲ့ပါတယ်"
"ပြီးခဲ့တဲ့ရက်အနည်းငယ်က သူနဲ့ ကျနော်စကားပြောခဲ့ပါပြီ၊ သူ လေ့ကျင့်နိုင်တယ်၊ ရွေ့လျားနိုင်တယ်၊ ဘာပြသနာမှမရှိပါဘူး၊ ဩဂုတ်လအကုန်ဆိုရင်တော့ အခုထက်ပိုပြီးကောင်းတာကို ကျနော်တို့သိရမှာပါ၊ သူနဲ့ ဂျူလီယန်ဂိုးသွင်းနိုင်အောင် ကျနော်တို့ကူညီမှာပါ၊ ကျနော်တို့ ကစားပုံကောင်းတယ်ဆိုရင် သူတို့ဂိုးသွင်းနိုင်မှာပဲ၊ ကစားပုံမကောင်းရင်တော့ သွင်းနိုင်မှာမဟုတ်ဘူး၊ ဒါကတော့ အသေအချာပဲ' လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။
ဟာလန်းကတော့ ရာသီကြိုခြေစမ်းပွဲအဖြစ် ဘိုင်ယန်နဲ့ပွဲကို သူ့ရဲ့ မန်စီးတီးကစားသမားဘ၀ ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ပြီး တလုံးတည်းသောအနိင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီနေ့ကစားမယ့် လီဗာပူးလ်နဲ့ပွဲမှာလည်း သူ ဂိုးသွင်းနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။