မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူ လက်ရှိဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဆာဒီယိုမာနေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ မာနေးကတော့ ဘိုင်ယန်မြူးနစ်မှာ အဆင်မပြေဖြစ်နေပြီး ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲရဖွယ်ရှိတယ်လို့ သတင်းအကြီးအကျယ်ထွက်နေသူဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ရပ်တည်နိင်ခဲ့တဲ့ မာနေးဟာ ဒီရာသီကမှ ဘိုင်ယန်ကို ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစောပိုင်းမှာ သူ ခြေစွမ်းပြနိုင်ခဲ့ပြီးမှ ကမ္ဘာ့ဖလားနီးကပ်လာချိန်မှာ ခြေထောက်ဒဏ်ရာရရှိခဲ့လို့ အနားယူခဲ့ရပြီး ပြန်ကစားနိုင်ချိန်မှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပါတယ်။ 

အသင်းဖော် ဆာနေးနဲ့လည်း ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့ပြီး မာနေးရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပါတယ်။ အခုဆိုရင် နည်းပြတူချယ်လ်ကလည်း ဘိုင်ယန်အတွက် သူ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေထဲမှာ မာနေးမပါဝင်ဘူးလို့ သတ်မှတ်ထားတယ်လို့ သိရကာ ရာသီကုန်မှာ သေချာပေါက်ထွက်ခွာဖွယ်ရာ ရှိနေတာဖြစ်ပါတယ်။ 

မာနေးရဲ့ တနှစ်လုပ်ခလစာ ပေါင် ၁၇ သန်းကျော်ကို ပရီးမီးယားလိဂ်ကလပ်တွေကသာ တတ်နိုင်တယ်လို့ ဂျာမနီသတင်းဌာန​တွေက ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ မာနေးအနေနဲ့လည်း အသင်းပြောင်းမယ်ဆိုရင် လစာလျှောယူဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ 

ဒါမေပယ့် မာနေးအနေနဲ့ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့မယ်ဆိုရင် လီဗာပူးလ်ပရိသတ်တွေရဲ့ မုန်းတီးမှုကိုတော့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၆ တုန်းက လီဗာပူးလ်ကို မပြောင်းရွှေ့ခင်မှာ ယူနိုက်တက်ကို ရောက်ဖို့နီးစပ်ခဲ့တယ်လို့ မာနေးက ဖွင့်ဟဖူးပြီး အခုတခါမှာတော့ အမှန်တကယ်ပြောင်းရွှေ့နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ 


Share

Loading Next Article...
က္က