ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးနဲ့အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်ဟာ မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာတော့ စပါးကို နောက်ကလိုက်ကစားပြီး သရေသာရခဲ့လို့ ချန်ပီယံဖလားလမ်းကြောင်းက ယိမ်းယို်သွားခဲ့ပါပြီ။ နယူးကာဆယ်ကိုသာ မန်စီးတီးက ဒီနေ့မှာ အနိုင်ကစားခဲ့မယ်ဆိုရင် အမှတ်ပေးဇယားကို ၃ မှတ်ဖြတ်ဦးဆောင်နိုင်တော့မှာလည်းဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်နဲ့အပြိုင်ဖြစ်နေတဲ့ စပါးကလည်း အန်ဖီးလ်မှာ အကောင်းဆုံးကစားသွားခဲ့ပြိး ဆွန်ဟောင်မင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီယက်ဇ်က ချေပဂိုးသွင်းပေးခဲ့လို့ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့ ချန်ပီယံလမ်းကြောင်းကို စပါးက ခါထွက်သွားအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက်တော့ ချန်ပီယံလိဂ်ကထွက်ခဲ့ရလို့ နာကျင်နေနိုင်ပေမယ့် လီဗာပူးလ်ရဲ့ သရေပွဲက သူတို့အတွက် မင်္ဂလာရှိခဲ့ပါတယ်။ လက်ကျန်ပွဲအရေအတွက်ကလည်း နည်းနည်းလေးသာကျန်တော့မို့ လီဗာပူးလ်အတွက်တော့ မန်စီးတီးရဲ့ ခြေချော်မှုကိုသာ စောင့်မျှော်နေရတော့မှာဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ်မဖန်တီးနိုင်တော့ဘူးလို့ ဆိုရတော့မှာပါ။
သူတို့ရဲ့ ဖလားလေးလုံးအိပ်မက်အသာထား အဓိကဖလား ၃လုံးစလုံးကို တရာသီအတွင်းမှာ ရယူနိုင်ဖို့တောင် ဝေဝါးသွားခဲ့ပြီဖြစ်ပါတယ်။ ကွန်တီနဲ့ သူ့ရဲ့တပည့်တသိုက်က အန်ဖီးလ်မှာ ဒုက္ခပေးသွားခဲ့တာဖြစ်ပြီး ယာဂင်ကလော့ပ်အတွက်လည်း စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ရကာ မန်စီးတီးဆီ အမှတ်ပေးဖလားကို ထိုးအပ်ပေးလိုက်ရသလိုဖြစ်လာပါတော့မယ်။