ဒီနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် သူနဲ့ သူ့အသင်းသားတွေဟာ လီဗာပူးလ်အတွက် ဆိုးသွမ်းတဲ့လူတွေဖြစ်လာဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအတွက် တခုတည်းသော ဆုဖလားမျှော်လင့်ချက်အဖြစ် ကစားရမယ့်ပွဲဖြစ်ပြီး ပြိုင်ဘက်ကတော့ ခြေစွမ်းမြင့်မားနေတဲ့ လီဗာပူးလ်အသင်းဖြစ်နေပါတယ်။
ဒေါ့မွန်နည်းပြဟောင်းနှစ်ဦး ပြန်လည်ရင်ဆိုင်ရမယ့်ပွဲလည်းဖြစ်ပြီး တူချယ်လ်က ကလော့ပ်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတဦးလို့ ချိးကျူးခဲ့သလို ဂျာမနီမှာ ဒေါ့မွန်ကို အားလုံးက ချစ်ခင်အောင်စွမ်းဆောင်ပေးခဲ့သလို လီဗာပူးလ်ကိုလည်း အင်္ဂလန်မှာ အားလုံးက ချစ်မြတ်နိုးလာအောင် လုပ်ပေးနိုင်ခဲ့တဲ့သူလို့ အမွှမ်းတင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆုဖလားရယူနိုင်ဖို့အတွက်တော့ တူချယ်လ်က "အနိုင်ရမယ့်အခွင့်အရေးရဖို့၊ ဝင်ဘလေမှာ အသင်းကြီးနှစ်သင်း ဗိုလ်လုပွဲကစားရမယ်ဆိုတာက ကျနော့်အတွက် ကြီးမားပါတယ်၊ ကလော့ပ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကိုင်တွယ်ဖြေရှင်းရမယ့်အရာက သူ့ရဲ့ ကြီးမားတဲ့ ဂုဏ်ဒြပ်တွေပါပဲ၊ ဒါက အမြဲတမ်း ဒီလိုဖြစ်နေမှာပါ"
"ဒါပေမယ့်လည်း ဒီလိုရင်ဆိုင်ရတာကို ပျော်စရာကောင်းတဲ့အပိုင်းဖြစ်ပါတယ်၊ မနက်ဖြန် (ဒီနေ့) ကစားရမယ့် ပွဲမှာ ကျနော်တို့က လူဆိုးတွေဖြစ်နေမယ်ဆိုရင်လည်း ပြသနာမရှိပါဘူး၊ သေချာတာကတော့ သူတို့က ဖလားလေးလုံးမှန်းနိုင်တဲ့အသင်းဖြစ်နေလို့ တနိုင်ငံလုံးရဲ့အားပေးမှုကိုရထားပြီး ကျနော်တို့က လူဆိုးတွေဖြစ်ကောင်းဖြစ်နေမှာပေါ့၊ ဒါပေမယ့် ကျနော်ကတော့ ကရုဏာသက်တာမျိုးကို မလိုချင်ဘူး"
"ကျနော်တို့က ဆုဖလားကိုပဲ လိုချင်တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီအက်ဖ်အေဖလားဗိုလ်လုပွဲကတော့ သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဂျာမန်နည်းပြနှစ်ဦးရင်ဆိုင်ရတဲ့ပွဲလည်းဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်သင်းဟာ ဒီရာသီ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာလည်း ရင်ဆိုင်ခဲ့ပြီး လီဗာပူးလ်က အနိုင်ရဗိုလ်စွဲထားပါတယ်။