သူ့ရဲ့ သွင်းဂိုးကြောင့် လီဗာပူးတို့ အခြေအနေကောင်းသွားခဲ့တာပါ။

လီဗာပူးဟာ မနေ့ညက ရှက်ဖီးယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် လီဗာပူးတို့ အမှတ်ပေးဇယား အဆင့် (၁) နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် အခြေအနေကောင်းတွေကို ဆက်လက် ပိုင်ဆိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ဒီပွဲက လီဗာပူးအတွက် လွယ်ကူရိုးရှင်းတဲ့ နိုင်ပွဲတော့ မဖြစ်ခဲ့ပါဘူး။ ပထမပိုင်းမှာ ဒါဝင်နူးညက်ဇ်က လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘရက်ဒ်လေရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် လီဗာပူးတို့ ရုန်းကန်ခဲ့ရပါတယ်။


အဆုံးအဖြတ်ဖြစ်စေခဲ့တာကတော့ မက်အယ်လစ္စတာပဲဖြစ်ပါတယ်။ ပွဲကစားချိန် (၇၆) မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုး၊ ဖိအားလျော့ကျစေမယ့် သွင်းဂိုးကို မက်အယ်လစ္စတာက ပြင်းထန်အားပါတဲ့ ရော့ကတ်ကန်ချက်နဲ့ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မိနစ် (၉၀) မှာတော့ ဂတ်ခ်ပိုက အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မက်အယ်လစ္စတာအတွက်တော့ ဒီသွင်းဂိုးက လီဗာပူးအတွက် ပြိုင်ပွဲစုံ နောက်ဆုံး (၁၀) ပွဲမှာ (၁၀) ကြိမ်မြောက် သွင်းဂိုး ပါဝင်ပတ်သက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒီ (၁၀) ပွဲမှာ အဆိုပါ အာဂျင်တီးနားသားက (၅) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)​ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်ကလည်း “ကျွန်တော် ပွဲပြီးတော့ မက်အယ်လစ္စတာရဲ့အဖေနဲ့ တွေ့ခဲ့ပါတယ်။ သူက ကျေးဇူးတင်စကားပြောခဲ့ပြီး ကျွန်တော်ကလည်း မက်အယ်လစ္စတာက အံ့အားသင့်ဖွယ် ကစားသမားဖြစ်ကြောင်း၊ လီဗာပူးက သူ့ကို ရရှိခဲ့လို့ ပျော်ရွှင်ရကြောင်း ပြန်ပြောခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က