ဒီကစားသမားနှစ်ယောက်လုံး ဒဏ်ရာပြဿနာတွေရှိနေပုံပါ။

ယူနိုက်တက်ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းရားနဲ့ဗာရန်းတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ရာသီကြိုခြေစမ်းပွဲစဥ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။ လီဗာပူးနဲ့ယူနိုက်တက်တို့ဟာ ဒီကနေ့ည (၇) နာရီခွဲ၊ ရာဇမင်္ဂလာကွင်းကြီးထဲမှာ ဘန်ကောက်ရာပြည့် အထိမ်းအမှတ်ဖလားပွဲကို ယှဥ်ပြိုင်ကစားကြမှာပါ။



မနေ့ကပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို ဗာရန်းလွဲချော်ခဲ့ရပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းရားကလည်း တယောက်တည်း သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ရတယ်လို့ သိရှိရပါတယ်။ အသင်းရဲ့ အဓိကဗဟိုနောက်ခံလူနှစ်ယောက်လို့ပြောနိုင်တဲ့ ဒီကစားသမားတွေရဲ့ ကြံ့ခိုင်မှုအနေအထားက နည်းပြသစ် အဲရစ်တန်ဟက်ခ်အတွက်တော့ စောစောစီးစီး ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနေ့က လေ့ကျင့်ခန်းနှစ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး STB အကယ်ဒမီမှာ မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်ကိုတော့ ဗာရန်းပါဝင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ ကစားမယ့် ရာဇမင်္ဂလာကွင်းကြီးထဲ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်တခုလုံးကိုတော့ ဗာရန်းတယောက် လုံးဝကို လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် မက်ဂွိုင်းရားကလည်း ရာဇမင်္ဂလာကွင်းကြီးထဲမှာ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပေမယ့် အသင်းနဲ့မပူးပေါင်းနိုင်ဘဲ တယောက်တည်း သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

အခြားသော ဗဟိုနောက်ခံလူတယောက်ဖြစ်တဲ့ ဖီးလ်ဂျုံးစ်ကလည်း ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ ရာသီကြိုခရီးစဥ်ကိုတောင် လိုက်ပါနိုင်ခဲ့ခြင်းမရှိပါဘူး။ လက်ရှိယူနိုက်တက်လူစာရင်းမှာ ဗဟိုနောက်ခံလူနေရာအတွက် လင်ဒီလော့ဖ်၊ အဲရစ်ဘာယီ၊ တွမ်ဇီဘီတို့ လိုက်ပါလာခဲ့ပြီး ဒီကစားသမားသုံးယောက်က လီဗာပူးနဲ့ပွဲမှာ ပွဲကစားချိန် ပိုမိုရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ယူနိုက်တက်ဟာ ဗဟိုနောက်ခံလူနေရာအတွက် အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပစ်မှတ်ထားနေပေမယ့် ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် လာမယ့်ရာသီမှာ မက်ဂွိုင်းရားကပဲ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ တန်ဟက်ခ်က အတည်ပြုပေးထားပါတယ်။ 

Share

Loading Next Article...
က္က