လီဗာပူးတို့ ဆီမီးဖိုင်နယ်အတွက် သေချာသလောက်ဖြစ်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ဝုလ်ဗ်နည်းစနစ်အဖွဲ့က လီဗာပူးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးဗျူဟာအချက်အလက်တွေကို ဘင်ဖီကာနည်းစနစ်အဖွဲ့ဆီ လွှဲပေးခဲ့တယ်လို့ ပေါ်တူဂီအခြေစိုက်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာ ဒါတွေက ဘာမှကို အလုပ်မဖြစ်ခဲ့ဘဲ လီဗာပူးတို့ ပထမပိုင်းမှာတင် ဆီမီးဖိုင်နယ်အတွက် သေချာသလောက်ဖြစ်ခဲ့ပါတယ်။



လီဗာပူးက ဒီပွဲအတွက် တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဒီယက်ဇ်၊ ကွင်းလယ်မှာလည်း သီယာဂို၊ ဖာဘင်ဟို၊ ကီတာတို့ သုံးယောက်အတွဲကို ဒီရာသီပထမဆုံးအဖြစ် တပြိုင်တည်းပွဲထုတ်ခဲ့ပါတယ်။ နောက်တန်းမှာ အာနိုးလ်ပြန်လည်ပါဝင်လာမှုနဲ့အတူ လူစုံခဲ့ပြီး အာနိုးလ်၊ ဗန်ဒိုက်ချ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်တို့ ပါဝင်ခဲ့ပါတယ်။

ဘင်ဖီကာကလည်း ဒါဝင်နူနက်ဇ်၊ အယ်ဗာတန်၊ တာရက်ဘ်၊ ဝိုင်ဂယ်လ်၊ အော်တာမန်ဒီ၊ ဗာတွန်ဂန်တို့လို အမာခံ ကစားသမားတွေနဲ့ပဲ စုံစုံလင်လင်ပွဲထွက်ခဲ့ပါတယ်။ လီဗာပူးကသာ ပွဲကို စနစ်တကျ စိုးမိုးနိုင်ခဲ့ပြီး ပွဲကစားချိန် (၁၆) မိနစ်မှာတင် အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကတဆင့် ကိုနာတေးက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒါဟာ ကိုနာတေးအတွက် လီဗာပူး ကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၃၃) မိနစ်မှာ လီဗာပူးတို့ ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အာနိုးလ်ရဲ့ Long Ball ကတဆင့် ဒီယက်ဇ် ခေါင်းတိုက်ချပေးတာကို မာနေး လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာပါ။ ဒီဂိုးကြောင့် လီဗာပူးသမိုင်းမှာ မာနေးထက် ချန်ပီယံလိဂ်သွင်းဂိုးပိုများတာက ဆာလာပဲရှိပါတော့တယ်။

ဒါပေမယ့် ဒုတိယပိုင်းစစချင်းမှာတော့ လီဗာပူးတို့မထင်မှတ်ဘဲ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ရာဖာဆေးလ်ဗားရဲ့ ဖန်တီးမှုကတဆင့် ခြေစွမ်းပြပြီး အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဒါဝင်နူနက်ဇ်က သွင်းယူခဲ့တာပါ။ ဒီဂိုးက လီဗာပူးနောက်ခံလူ ကိုနာတေးရဲ့ အမှားကြောင့်ဖြစ်ပြီး သူ့ရဲ့ဖျက်ထုတ်မှု ချော်သွားတာကြောင့် ဒါဝင်နူနက်ဇ် အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း လီဗာပူးကသာ ပွဲကိုထိန်းချုပ်ခဲ့ပြီး (၈၆) မိနစ်မှာ ကီတာရဲ့ ဖန်တီးပေးမှုကတဆင့် ဒီယက်ဇ်က ပြိုင်ဘက်ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး လီဗာပူးအတွက် ပွဲသိမ်းဂိုးကို သွင်းယူခဲ့ပါတယ်။ လီဗာပူးကတော့ အဝေးကွင်းမှာတင် ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အတွက် သေချာသွားပြီလို့ဆိုရမှာပါ။ 

Share

Loading Next Article...
က္က