ညီနန္ဒက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ ပြန်ပြီးတော့ ဆောင်ရွက်လာရတာဟာ ခင်လှိုင်ရဲ့ ကျေးဇူးတရားတွေကြောင့်ပါလို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ အခုလည်း နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။
Photo: unyi Nanda
သရုပ်ဆောင် ညီနန္ဒဟာ ‘’ကြယ်ကြွေချိန်မှာ နင်နဲ့ငါ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ ဖန်စီဆန်ဆန်ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီလို အနုပညာအလုပ်တွေ လုပ်ခွင့်ရလာတာကလည်း သရုပ်ဆောင် ခင်လှိုင်ကြောင့်ပါလို့ ရင်ဖွင့်ပြောပြထားပါတယ်။
‘’ဒီနေ့ ''ကြယ်ကြွေချိန်မှာ နင်နဲ့ငါ'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲအခမ်းအနားကို မနက် ၇နာရီ ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစ်ကို(ကိုခင်လှိုင်)ရေ။ အစ်ကိုတင်ပေးတဲ့ လမ်းကြောင်းပေါ်ကို ကျွန်တော် အဆင်ပြေစွာနဲ့ အမြန်ဆုံးရောက်ခဲ့ပါပြီ။ နောက်တစ်ကြိမ် ထပ်ပြီးလဲမကျအောင် ကျွန်တော်အကောင်းဆုံး လျှောက်လှမ်းပါ့မယ်လို့ ကတိပြုပါတယ် အစ်ကို’’ ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁၁ နာရီ ၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: U NYi Nanda
ညီနန္ဒဟာ မကြာသေးခင်က ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ‘’ချိုးရုပ်’’ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ညီနန္ဒက ခင်လှိုင်ရဲ့ ကျေးဇူးတရားတွေကို ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
‘’ ဒီရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော့်ကို သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တဲ့ (1994 ခုနှစ် ကျွန်တော်သရုပ်ဆောင် လောကကိုစရောက်ကတည်းက ကျွန်တော်နဲ့အတူသရုပ်ဆောင်ခဲ့တဲ့၊ ကျွန်တော့နာမည်အရင်း''စည်သူ''လို့ ကျွန်တော့ကိုအမြဲခေါ်တဲ့) ကျွန်တော့အစ်ကိုကြီး ကျေးဇူးရှင် ဒါရိုက်တာ ''ကိုခင်လှိုင်'' ကို အထူး ကျေးဇူးတင်ဂါရဝပြု မှတ်တမ်းတင် ပါတယ်ခင်ဗျာ’’ လို့ ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Khin Hlaing
၂၀၁၇ ခုနှစ်က စပြီး သရုပ်ဆောင် ညီနန္ဒက အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ် နိုင်ငံတော်အကျိုးပြု ဇာတ်လမ်းတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။
'' ဒီတစ်ခေါက် အနုပညာကိုပြန်လုပ်ခွင့်ရတာကိုက အရမ်းကို တန်ဖိုးလည်းထားတယ်။ သေသေချာချာလည်း လုပ်မယ်။ အကောင်းဆုံးဂရုစိုက် ပြီးတော့ လုပ်နေတဲ့အတွက် အခုချိန်ထိ အားပေးနေကြတဲ့ အစ်ကို့ ပရိသတ်တွေ ကို လေးစားပြီးတော့ လုံးဝစော်ကားမိတဲ့ အရာမျိုး မလုပ်မိ အောင် သေချာကြိုးစားသွားပါမယ်'' လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Nyi Nanda
ညီနန္ဒက အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ကျော် ကြာပြီလို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ စီးပွားရေးဘက်ကို ပြောင်းတဲ့အချိန်မှာလည်း နားလည် တက်ကျွမ်းသူ မဟုတ်တဲ့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဝါသနာအရင်းခံအရ အနုပညာအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။