မဖယ်ရှားပါက လူထုအင်အားနဲ့ ဖြေရှင်းမည်ဟုဆို

လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ်အစိုးရအနေနဲ့ မတ်လ ၁၇ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ ကရင်နီပြည်လူငယ်များ အင်အားစုကနေ တောင်းဆိုလိုက်ပါတယ်။

Photo- Kayan New Generation Youth - KNGY (ဖေဖော်ဝါရီ ၁၂ ရက်က ကြေးရုပ်ဖယ်ရှားရေး သပိတ်မှောက်ပွဲ ပြုလုပ်စဉ်)



ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ဆိုင်းရေးနှင့် ပတ်သက်ပြီး စတင်အကောင်အထည်ဖော်ခဲ့တဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို အသိပေးကြေညာထားပြီး တကယ်လို့ လာမယ့် ၁၇ ရက်နေ့မှာ မဖယ်ရှားဘူးဆိုရင် ကရင်နီလူငယ်တွေက လူထုအင်အားနဲ့ ကိုယ်တိုင်ဖြေရှင်းသွားမယ်လို့ ကရင်နီပြည်လူငယ်များအင်အားစု မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်က Duwun ကိုပြောပါတယ်။

“၁၇ ရက်နေ့အထိကျွန်တော်တို့စောင့်ပြီးတော့ အစိုးရကနေပြီးတော့ ဖယ်ရှားပေးမှုတွေ မလုပ်ဘူးဆိုရင် လူထုအားနဲ့ ဂုဏ်သိက္ခာရှိရှိ ဖယ်ရှားသွားမယ်လို့ ဆုံးဖြတ်ချက်ချထားပြီးသားပါ။ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ပေးသွားပါမယ်” လို့ ခွန်းသောမတ်က ဆိုပါတယ်။

Photo- Kayan New Generation Youth - KNGY (ဖေဖော်ဝါရီ ၁၂ ရက်က ကြေးရုပ်ဖယ်ရှားရေး သပိတ်မှောက်ပွဲ ပြုလုပ်စဉ်)

လက်ရှိမှာ ကယားပြည်နယ်အစိုးရအနေနဲ့ ဒီကိစ္စဟာ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ နဲ့သာ ညှိနှိုင်းသင့်ကြောင်း သူတို့အနေနဲ့ အကောင်အထည်ဖော်ပေးလို့မရဘူးလို့ ပြောကြားခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်တုန်းက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထုကို ပြန်ရုပ်သိမ်းဖို့ ကရင်နီ လူထုထောင်နဲ့ချီ ဆန္ဒပြခဲ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်တာမဟုတ်ဘဲ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို အကောင်အထည်မဖော်ဘဲနဲ့ ရုပ်ထုကိုသာ အတင်းစိုက်ထူခဲ့တာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြသူ ကရင်နီလူငယ်အချို့က ပြောခဲ့ပါတယ်။

အဲဒီလို ဆန္ဒပြမှုအပြီး သပိတ်မှောက်ပြည်သူနဲ့ အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းခဲ့မှု အရ ဗိုလ်ချုပ်ကြေးရုပ်ဖျက်သိမ်းရေးကို ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က