တိုင်ရွန်က သူ့အတွက် ခင်လှိုင်ပြောထားတဲ့ စကားလေးကို အမှတ်တရ ပြောပြလာပါတယ်။ ဒီစကားအတိုင်းဖြစ်အောင် သူကိုယ်တိုင်လည်း ကြိုးစားနေပါတယ်တဲ့။
Photo: တိုင်ရွန်
တိုင်ရွန်က လက်ရှိမှာ ခင်လှိုင်ကိုယ်တိုင်ရိုက်ကူးတဲ့ ‘’ချိုးရုပ်’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ခင်လှိုင်ရဲ့ သွန်သင်မှုအပေါ် သူကိုယ်တိုင်လည်း အကောင်းဆုံး ကြိုးစားနေတယ်လို့ တိုင်ရွန်က ပြောပါတယ်။
‘’ဦးခင်လှိုင်ပြောသလို သား မင်းသားဖြစ်ဖို့ထက် သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားပါတဲ့။ ကျွန်တော် ဒီချိုးရုပ် ဇာတ်ကားလေးမှာ အားကုန်ကြိုးစားထားပါတယ်’’ လို့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ရိုက်ကွင်းပေါ်က အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။
Photo: တိုင်ရွန်
တိုင်ရွန်ဟာ ရွံ့တောထဲမှာ ပေလူးနေအောင် သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကာရိုက်တာအပေါ်မှာလည်း ပရိသတ်တွေက ချစ်ခင်အားပေးတဲ့အကြောင်းတွေကို Comment ကနေတဆင့် ပြောခဲ့ကြပါတယ်။ ဒါကြောင့် တိုင်ရွန်က သူ့ရဲ့ကာရိုက်တာအပေါ် ခံစားချက်ကို အခုလို ပြန်လည်ပြောပြလာပါတယ်။
‘’ကျွန်တော်ကတော့ ပေးတဲ့အခွင့်အရေး လုပ်တာပါပဲ။ ပိုက်ဆံမရှိတော့ ကိုယ့်ဘာသာထုတ်လုပ်ရေးထောင် မရိုက်နိုင်သေးပါဘူး။ လောဆယ် အကောင်းဆုံးကျရာနေရာမှာ လုပ်မယ် ဒါပါပဲ အားလုံးကိုချစ်ပါတယ်။ အေးချမ်းချမ်းဘဲနေတော့မယ်’’ လို့ သူကဆိုပါတယ်။
Photo: တိုင်ရွန်
တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင် မတတ်တာလည်းပါပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။
Photo: တိုင်ရွန်
ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။