ဆေးစစ်မှုတွေပြုလုပ်ပြီးပြီလို့ ဆိုပါတယ်။

ဗီယက်နမ်နာမည်ကျော်ကစားသမား ငုယက်ကောင်ဟိုင်ဟာ ပြင်သစ်လီဂူး-၂ အသင်းတသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် အနီးစပ်ဆုံးဖြစ်နေပြီလို့ ဗီယက်နမ်မီဒီယာအများအပြားက ဖော်ပြနေကြပါတယ်။ ဗီယက်နမ်မက်ဆီလို့ နာမည်ကျော်ကြားနေတဲ့ ကောင်ဟိုင်ဟာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးပြီလို့တောင်သိရပြီး မကြာခင်မှာ သူ့ရဲ့အသင်းသစ်ကို သိရလိမ့်မယ်လို့ ရေးသားခဲ့ကြပါတယ်။ 

သူဟာ ပြင်သစ်ကို သွားရောက်ခဲ့ပြီးနောက် အသင်းသစ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ကောင်ဟိုင်က ပြင်သစ်က သူ့အတွက် ခြေချဖို့ကောင်းတဲ့ နေရာဖြစ်တယ်လို့ ယုံကြည်နေပြီး ခြေစွမ်းပြနိုင်ဖို့လည်း မျှော်လင့်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗီယက်နမ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ အာဆီယံရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးလို့ သတ်မှတ်ခံထားသူလည်းဖြစ်ပါတယ်။ 

ဒီမတိုင်ခင်မှာ သူက ဩစတြေးလျမှာကစားဖို့စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ပြင်သစ်လီဂူး-၂ ကတော့ ကစားသမားတွေအများစုအတွက် နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ရ​ာ အခြေခံအုတ်မြစ်ဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ပါက ထိပ်တန်းလိဂ်တွေက အသင်းတသင်းသင်းစီမှာ ဆက်လက်ကစားခွင့်ရဖို့ မျှော်လင့်နိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ကောင်ဟိုင်နဲ့ ဆွေးနွေးနေတဲ့ အသင်းက ဘယ်အသင်းလဲဆိုတာကို အတိအကျမသိရသေးပေမယ့် ပဲရစ်အက်ဖ်စီလို့ နာမည်ထွက်နေပြီး နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီချက်ပါဝင်နေတယ်လို့ ဆိုပါတယ်။ ကောင်ဟိုင်နဲ့ လက်ရှိကလပ်ဟနွိုင်းတို့ကြားက စာချုပ်ကတော့ ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ သူ့ကိုခေါ်ယူမယ့်အသင်းက အလွတ်ခေါ်ယူနိုင်မှာဖြစ်ပြီး ကစားသမားကလည်း ဥရောပမှာကစားနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ 


Share

Loading Next Article...
က္က