လီဂူးမှာ ဂိုးသွင်းအများဆုံးနဲ့ ဖန်တီးမှုအများဆုံးကစားသမားဖြစ်နေတာပါ။

မနေ့ညက ကစားခဲ့တဲ့ စထရာဘော့နဲ့ပွဲမှာ ပြင်သစ်ချန်ပီယံဖြစ်ထားပြီးသား ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ ၃-၃ နဲ့ သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘတ်ပီကတော့ သူ့ရဲ့ခြေစွမ်းပြသနေမှုတွေကို မရပ်တန့်နိုင်သေးဘဲ ဖြစ်နေပြီး အသင်းအတွက် ၂ ဂိုးသွင်းကာ၁ ကြိမ်ဖန်တီးပေးခဲ့​ပြီး လီဂူးရွှေဖိနပ်ဆုကို ရယူနိုင်ဖို့က ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ 

ပြင်သစ်လိဂ်မှာ ဘတ်ပီက ၂၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ၁၆ ကြိမ်အထိ ဖန်တီးပေးထားကာ ဂိုးသွင်းသူအဖြစ်ရော၊ ဖန်တီးသူအဖြစ်နဲ့ပါ ထိပ်ဆုံးကရပ်တည်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာတော့ ၃၅ ဂိုးသွင်းထားပြီး ၂၃ ကြိမ်ဖန်တီးပေးထားကာ သူ့ရဲ့အသက်အရွယ်နဲ့မလိုက်ဖက်အောင်ကို ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်းမှာပဲ ဘတ်ပီက သွင်းဂိုး ၁၅ ဂိုးနဲ့ ဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပြီး တနှစ်ထက်တနှစ် သူ့ရဲ့ခြေစွမ်းက ပိုပိုပြီးကောင်းလာတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ သူ့ရဲ့ အခုလိုခြေစွမ်းပြသနေမှုတွေက ရီးရဲလ်မက်ဒရစ်ရဲ့ အလိုရှိနေမှုကို ပိုပြီးတွန်းအားပေးသလိုဖြစ်လာနေပြီး လာမယ့်ရာသီမှာ မရရအောင်ခေါ်ယူသွားဖို့ ရှိနေပြီဖြစ်ပါတယ်။ 

ပီအက်စ်ဂျီကတော့ ဘတ်ပီကို အသင်းမှာဆက်လက်ရှိနေဖို့အတွက် မြင့်မားတဲ့ခံစားခွင့်တွေပေးကာ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကတော့ တုံ့ပြန်ထားခြင်းမရှိသေးဘဲ သူ့အနာဂတ်ကို ရာသီကုန်ချိန်မှာ ဆုံးဖြတ်ဖွယ်ရှိနေကာ ဘာနေဗျူးကို ပြောင်းရွှေ့မလား၊ ပဲရစ်မှာ ဆက်နေမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။ 

နေမာ၊ မက်ဆီတို့လို အကျော်အမော်တွေနဲ့ တွဲဖက်ကစားရချိန်မှာတော့ ဘတ်ပီအတွက် အခွင့်အရေးတွေ ပိုမိုရရှိလာခဲ့တာဖြစ်ပြီး ပြိုင်ဘက်နောက်တန်းနဲ့ ဂိုးသမားတွေကို ပိုမိုခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဂိုးတွေသွင်းနိုင်ရုံမကဘဲ ဖန်တီးပေးမှုတွေကိုပါ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က