လီယွန်နယ် မက်ဆီဟာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း အသက်အရွယ်က ၎င်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝမှာ စံချိန်မှတ်တမ်းတွေကို ဆက်လက် ချိုးဖျက်နေမှုကို ရပ်တန့်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။
အာဂျင်တီးနားကြယ်ပွင့်ရဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းဟာ ယခုနွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း မက်ဆီဟာ ၎င်းရဲ့ ကစားသမားဘဝနောက်ဆုံးနှစ်အပိုင်းအခြားထဲမှာတောင် ခြေစွမ်း ကျဆင်းတဲ့ လက္ခဏာမျိုး ပြသခြင်းမရှိသေးသူဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ သောကြာနေ့ညက အွန်းဂျေးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အမ်ဘာပေရဲ့ ဒုတိယမြောက်သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်မှုကို အားကောင်းစေခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီအတွက် ဒီဂိုးဖန်တီးမှုဟာ ယခုရာသီမှာ ၁၅ ကြိမ်မြောက် ဂိုးဖန်တီးမှု ဖြစ်လာခဲ့ပြီဖြစ်ပြီး သွင်းဂိုး ၁၅ ဂိုးကိုပါ ထပ်ပေါင်းလိုက်ရင် အာဂျင်တီးနားကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားအပြီးကတည်းက ၎င်းရဲ့ ပုံစံကောင်းကို ဆက်လက်ပြသနေတာဖြစ်ပါတယ်။
OptaJean ရဲ့ တွစ်တာစာမျက်နှာမှာ လီယွန်နယ် မက်ဆီဟာ ၂၀၀၆-၂၀၀၇ ရာသီနောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်နဲ့အထက် ပြုလုပ်နိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။
အခြားကစားသမား ၂ ဦးကတော့ ၂၀၁၁-၂၀၁၂ ရာသီတုန်းက အီဒင် ဟာဇက်(သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ်)၊ ပြီးခဲ့တဲ့ရာသီတုန်းက ခီလီယန် အမ်ဘာပေ(သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်)တို့ ဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ လီဂူးဝမ်းမှာ ခက်ခဲတဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိမှာတော့ ပြီးခဲ့တဲ့ရာသီတုန်းက ကိန်းဂဏန်းတွေကို ရာသီပြီးဆုံးဖို့ ၆ ပွဲအလိုမှာပဲ ရိုက်ချိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Share