မြန်မာနိုင်ငံ က လိင်လုပ်သားတွေဟာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကြောင့် နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဇွန်လ ၂၄ ရက်က မန္တလေးမြို့ Perfect Hotel မှာပြုလုပ်တဲ့ Adovacy Meeting အရသိရပါတယ်။
ဒီဆွေးနွေးပွဲကို မန္တလာရောင်စဉ်အဖွဲ့က ဦးဆောင်စီစဉ်တာဖြစ်ပြီး မြန်မာနိုင်ငံက လိင်လုပ်သားတွေ အကြမ်းဖက်ခံရမှု၊ခွဲခြားနှိမ့်ချဆက်ဆံခံရမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
“ ဒီဥပဒေက လိင်လုပ်သားအမျိုးသမီးတွေကို မတရားဖမ်းမယ်။ခေါင်းပုံဖြတ်မယ်။ တိုင်တန်းလို့ရတဲ့နေရာတွေမရှိဘူး။တိုင်တန်းရင် ဒီအလုပ်လုပ်လို့ဆိုပြီး အဖမ်းခံရတယ်။ ဧည့်သည်တွေက ပိုက်ဆံမပေးဘဲ ဘယ်လောက် အနိုင်ကျင့်ကျင့် သူတို့က ခေါင်းငုံခံရတယ်။ ဒီဥပဒေကို ဖျက်သိမ်းရင် အသစ်ပြန်ဆွဲရင် ဒါတွေ ဆက်မဖြစ်လာအောင် ရည်ညွှန်းပါတယ်” လို့ တော်ဝင်ခရေကွန်ရက် ဥက္ကဌ ဒေါ်နှင်းနှင်းယုက Duwun ကိုပြောပါတယ်။
မြန်မာနိုင်ငံက Sex Worker တွေရဲ့ဘဝဟာ ဒီဥပဒေကြောင့် ကောင်းမွန်တဲ့ပြုပြင်ပြောင်းလဲခွင့်မရကြတော့ဘဲ အများစုကဘဝကိုရေစုန်မျောလိုက်ပါနေကြရတယ်လို့ ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ လိပ်လုပ်သားအချို့က ပြောပါတယ်။
“ ညီမတို့မှာ အဲဒီလို ဖိနှပ်ခံရတာတွေရှိရင် ဘယ်သူ့ကိုတိုင်ရမှန်းမသိဘူး။ တစ်ခါဆို ညီမတို့ကို ရဲတွေက မကောင်းတာလုပ်စားပါတယ်ဆိုပြီး ဖမ်းသွားတယ်။ စခန်းရောက်တော့ ငွေ ၁၁ သိန်းပေးရင် ပြန်လွှတ်ပေးမယ်ပြောတယ်။ အဲဒီလိုမျိုးတွေ ကြုံခဲ့ရတယ်” လို့ လိင်လုပ်သားအချို့က ဆိုပါတယ်။
ဒီဥပဒေကို ပြင်ဆင်ကြဖို့ အမျိုးသား၊ အမျိုးသမီးတန်းတူအခွင့်အရေးရရှိဖို့ ဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းတွေက တိုက်တွန်းမှုတွေ ပြုလုပ်သွားဦးမယ်လို့ ဆိုပါတယ်။
ဒီပွဲကို ဦးဆောင်ပြုလုပ်ပေးတဲ့ မန္တလေးရောင်စဉ်အဖွဲ့ဆိုတာ လိပ်လုပ်သား တွေရဲ့နေ့စဉ်လူမှုဘ၀ ကြုံတွေ့ခံစားရတဲ့ခွဲခြား နှိမ့်ချဆက်ဆံခံရမှုတွေ၊ အထင်လွဲခံရမှုတွေကိုလျှော့ချနိုင်ဖို့ တော်ဝင်ပန်းစီမံချက်နဲ့အကောင်အထည်ဖော်နေတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး Care Myanmar က ရန်ပုံငွေနဲ့နည်းပညာပံ့ပိုးပေးနေတယ်လို့သိရပါတယ်။