ခင်လှိုင်ကတော့ အရမ်းကို သိတတ် လိမ္မာလွန်းလှတဲ့ သားတွေ သမီးတွေအကြောင်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သားဖြစ်သူ နေရဲ အတွက်လည်း ဂုဏ်ယူရတဲ့အကြောင်းတွေ ပြောပြခဲ့ပြန်ပါသေးတယ်။
Photo: Khin Hlang
သရုပ်ဆောင်ခင်လှိုင်ကတော့ သူဟာ သားသမီးရ ကံကောင်းတဲ့ မိဘတွေထဲမှာပါတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ကျပြီးသွားတဲ့ သားတစ်ယောက် နဲ့ အနုပညာအလုပ်လုပ်နေကြပြီဖြစ်တဲ့ သား နဲ့ သမီးတို့ ကလည်း သိတတ်လိမ္မာကြတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အရမ်းကို သိတတ်ကြပါတယ်။ သဲလေးဆိုလည်း ဒီအတိုင်းပဲ၊ အကြီးကောင်ဆိုရင်လည်း အရမ်းသိတတ်တယ်။ အခုလည်း အကြီးကောင်က စည်ဖြိုးရဲ့ မန်နေဂျာလုပ်နေတာဆိုတော့ နိုင်ငံခြားတွေလည်း သွားဖြစ်တယ်။ ပြန်လာရင်လည်း မိဘတွေအတွက်၊ ညီမလေးအကြိုက်၊ ညီလေးအတွက်၊ သူ့မိန်းမ နဲ့ ကလေးအတွက် အမြဲတမ်း ပါလာတတ်တယ်။ သားတွေ၊ သမီးတွေက အရမ်းလိမ္မာတော့ အဖေ အမေ လည်းပျော်ရတာပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Khin Hlang
အခုဆိုရင်တော့ ခင်လှိုင်ရဲ့ သားအလတ်ဖြစ်သူ သရုပ်ဆောင်နေရဲက ‘’ဗိုလ်ချုပ်အောင်ဆန်း’’ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခွင့်ရပြီလို့ ဆိုပါတယ်။ သားအတွက် ခင်လှိုင်ကလည်း ဂုဏ်ယူတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
‘’ ပျော်တာပေါ့၊ အရမ်းပျော်တယ်။ သူ့အတွက် ဂုဏ်ယူမိတယ်။ ဒီလိုဇာတ်ကားမျိုးက သမိုင်းတွင်မယ့် ဇာတ်ကားတစ်ကားပါ။ ဒီလို ဇာတ်ကားမျိုးမှာ ပါဝင်ခွင့်ရတယ်ဆိုတော့ သူ့အတွက် ဘဝမှာ မှတ်တိုင်တစ်ခုဖြစ်သွားမှာပါ။ နေရဲက Body ကလည်း အတောင့်၊ သူ့ရုပ်က မာပေမယ့် တအားကို ကလေးဆန်ပြီး ချစ်စရာကောင်းပါတယ်။ သူ နယ်မှာ ဇာတ်ကားသွားရိုက်ရင်တောင် အဖေနဲ့ အမေ ပေးလိုက်တဲ့ မုန့်ဖိုးလောက်ပဲ သုံးတာ။ သူရတဲ့ သရုပ်ဆောင်ကြေး အကုန်လုံးကို အဖေနဲ့ အမေကို ကန်တော့ချင်တာ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၄ ရက်နေ့က နေရဲရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။
Photo: Khin Hlang
ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။