နေမာနဲ့အမ်ဘာပေတို့ရဲ့ဂိုးအတွက် ဖန်တီးပေးခဲ့တာပါ။

ပီအက်စ်ဂျီကြယ်ပွင့် မက်ဆီဟာ မနေ့ညက တူးလော့စ်ကို သုံးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြန်ပါတယ်။ အဆိုပါ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နေမာ၊ အမ်ဘာပေတို့ရဲ့ဂိုးတွေအတွက် ဖန်တီးပေးနိုင်ခဲ့တာပါ။



အသက် (၃၅) နှစ်အရွယ် မက်ဆီဟာ နေမာရဲ့ ဂိုးအတွက် အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ကာ လှပတဲ့ ဘောလုံးလမ်းကြောင်းတခုကို ခင်းပေးခဲ့ပြီး ဒီဂိုးကလည်း ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယဂိုးအတွက်လည်း မက်ဆီက ကွင်းလယ်လူ ဗာရက်တီနဲ့ အကောင်းဆုံး ပူးပေါင်းကာ အမ်ဘာပေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဗာရက်တီရဲ့ ပေးပို့မှုကတဆင့် မက်ဆီက ဘယ်တောင်ပံတလျှောက် ဆွဲပြေးသွားခဲ့ပါတယ်။

အဲ့ဒီနောက် ဂိုးဧရိယာထဲရောက်တဲ့အချိန်မှာ ပြိုင်ဘက်ကို တချက်ပြန်ခေါက်ပြီး အမ်ဘာပေအတွက် ခင်းပေးခဲ့ရာမှာ အမ်ဘာပေကလည်း အမှားအယွင်းမရှိဘဲ ပိတ်သွင်းယူကာ ပီအက်စ်ဂျီတို့ဂိုးရရှိခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးမှာ ရုန်းကန်ခဲ့ရတာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခု ရာသီမှာတော့ မက်ဆီက ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။


မက်ဆီက လက်ရှိ ကစားပြီးခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဥ် (၅) ပွဲအပြီးမှာ (၃) ဂိုးသွင်း၊ (၄) ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပေးထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ မနေ့က ဂိုးဖန်တီးမှု (၂) ကြိမ်ကြောင့်လည်း (၂၀၂၂) အတွက် ဥရောပရဲ့ ထိပ်တန်းလိဂ် (၅) ခုမှာ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းကာလမှာ ပီအက်စ်ဂျီတိုက်စစ်က မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အကြား အကြိတ်အခဲတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မက်ဆီကတော့ ကွင်းထဲမှာ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ဆောင်နေဆဲပါ။ အမ်ဘာပေသာ မက်ဆီနဲ့နေမာတို့နှစ်ယောက်ကို လေးလေးစားစား ဆက်ဆံရင် ဒီသုံးယောက်ရဲ့ တိုက်စစ်အတွဲက အခုထက် ပိုမိုကောင်းမွန်တဲ့အရာတွေကို လုပ်ပြနိုင်မှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က