ဝေလာရီဟာ အချစ်ရေးမှာ အရမ်းချစ်တတ်လွန်းတဲ့ အစ်မဖြစ်သူ လိမ္မော်သီးကို စိတ်ချမ်းသာစေချင်တယ်လို့ဆိုပါတယ်။ တစ်ခါတလေ အရမ်းမချစ်မိအောင်နေဖို့ ပြောပြရင်း စကားများရတယ်ဆိုပြီးတော့ပြောပြလာပါတယ်။
Photo: Wai Lar Ye
ပရိသတ်အချစ်တော်မလေး သရုပ်ဆောင် ဝေလာရီကတော့ အဆိုတော် လိမ္မော်သီးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။ မမရဲ့ အချစ်ရေးကို စိုးရိမ်တတ်လွန်းတဲ့အကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေကတဆင့် ပြောပြခဲ့ပါတယ်။
“မမက အရမ်းချစ်တတ်တယ်၊ အချစ်ကြီးတယ်။ သူက လူတစ်ယောက်ကို ချစ်ပြီဆိုရင် အဆုံးအစွန်ထိ ချစ်တတ်တယ်။ အဲဒါကြောင့် အရမ်းမချစ်နဲ့ အလုပ်လေးလည်းလုပ်၊ တစ်ပတ်မှာဆို အလုပ်လုပ်တဲ့ရက်လုပ်၊ အလုပ်မလုပ်တဲ့ရက်တွေ့ မမကိုပြောရင် သူနဲ့ စကားများရတယ်။ အဲဒီတော့ မမကလည်း နင်ကမချစ်တတ်သေးဘူးလို့ပြန်ပြောတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က လိမ္မော်သီးရဲ့ “အသက်ရှင်မယ့်သူ” တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Wai Lar Ye
အစ်မဖြစ်သူကိုတော့ အချစ်ရေးမှာ အရမ်းအဆင်ပြေစေချင်တယ်လို့ ဝေလာရီက ပြောပါတယ်။ ဒါပေမယ့် လိမ္မော်သီး ရွေးချယ်တဲ့ အချစ်ရေးအပေါ် ဝေဖန်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“အကုန်လုံးကတော့ သဘောကောင်းပါတယ်။ ကိုယ်က သူများရဲ့ Personal ကိစ္စတွေကိုပြောရတာ သဘောမကျဘူး။ သူကကောင်းတယ်၊ သူ့အတွက်အဆင်ပြေတယ်၊ စိတ်ချမ်းသာတယ်ဆိုရင် ထားလို့ရတယ်။ ဒါပေမယ့် အလုပ်ကိစ္စတွေဖြစ်လာရင် သီးသန့် ၊ အချစ်ရေးကိစ္စလေးက သီးသန့်ဆိုရင်တော့ ကောင်းတာပေါ့နော်” လို့ သူကဆိုပါတယ်။
Photo: Wai Lar Ye
လက်ရှိမှာတော့ ဝေလာရီဟာ အနုပညာအလုပ်တွေကို လုပ်နေသူတစ်ယောက်ပါ။ သူ့ရဲ့ အနားမှာ မိခင်ဖြစ်သူက အမြဲတမ်းရှိနေပေးတယ်လို့ ပြောပါတယ်။
“အခုဆို မေကြီးက မမနောက်မလိုက်တော့ဘူး ကိုယ့်နောက်လိုက်တဲ့အခါကျတော့ ကိုယ့်အတွက် ပိုဆိုးသွားတာပေါ့။ အရင်တုန်းက မမနောက်လိုက်တာ အခု ကိုယ့်နောက်လိုက်တယ်။ ဒါပေမယ့် မေကြီးနဲ့ ညီမနဲ့ကတော့ အဆင်ပြေပါတယ်။ အမေကတော့ ကိုယ့်ကို သိပ်မကြပ်ဘူး။ ကိုယ်က အလုပ်လည်း သေချာလုပ်တယ်။ ရည်းစားလည်းမထားဘူးဆိုတော့ စိတ်ချတယ်တဲ့” လို့ ဆိုပါတယ်။
Photo: Wai Lar Ye
ဝေလာရီကိုတော့ အဆိုတော် လိမ္မော်သီရဲ့ ညီမလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲထဲက မော် ဆိုတဲ့ ကောင်မလေး တစ်ယောက်ကာရိုက်တာနဲ့လည်း ပရိသတ်အားပေးမှု အများကြီးရရှိခဲ့သူပါ။ အခုလက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရသူတစ်ယောက်ဖြစ်ပါတယ်။
Share