ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားနေတုန်း မန်ချက်စတာမြို့က သူ့ရဲ့ နေအိမ်က ဖောက်ထွင်းဝင်ရောက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ယူနိုက်တက်က ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လင်ဒီလော့ဖ်လည်း အဲ့ဒီပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပါတယ်။
လင်ဒီလော့ဖ်ရဲ့ ဇနီးသည် မာဂျာနစ်လ်ဆင်ကလည်း သူ့အနေနဲ့ အိမ်ထဲကို သူခိုးတွေဝင်ရောက်လာတာ မြင်တွေ့ခဲ့ပေမယ့် လူကိုအန္တရာယ်ပြုမှာ စိုးရိမ်တာကြောင့် ကလေးတွေနဲ့အတူ ပုန်းအောင်းနေခဲ့ရတယ်လို့ ပြောပါတယ်။ ယူနိုက်တက်ကလည်း လင်ဒီလော့ဖ်မိသားစုရဲ့ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
လင်ဒီလော့ဖ်ရဲ့ ဇနီးဟာ ဒီဖြစ်ရပ်ကြောင့် အလွန်တရာ ထိတ်လန့်ခဲ့ရပြီး လက်ရှိအချိန်မှာ ဆွီဒင်နိုင်ငံကို ပြန်သွားတယ်လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ကလည်း “ကျနော်တို့ လန်ဒန်ကအပြန် လေယာဥ်ပေါ်မှာ လင်ဒီလော့ဖ်နဲ့ စကားအကြာကြီး ပြောဖြစ်ခဲ့ပါတယ်”
“အဲ့ဒီမနက်ကလည်း မိနစ် (၂၀)၊ (၂၅) မိနစ်လောက် ပြောဖြစ်ပါသေးတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို လင်ဒီလော့ဖ်က ကျနော့်ကို ပြောပြခဲ့ပြီး ဒါက သူ့ဇနီးနဲ့ (၃) နှစ်သားအရွယ် သားလေးအတွက် စိတ်ဒဏ်ရာဖြစ်သွားနိုင်ပါတယ်”
“သူက လောလောဆယ် မိသားစုနဲ့ အတူတူရှိချင်တယ်လို့ ပြောခဲ့ပြီး ကလေးနှစ်ယောက်အဖေဖြစ်တဲ့ ကျနော့်အတွက် သူ့ကို ရာနှုန်းပြည့် နားလည်ပေးနိုင်ပါတယ်။ သူ ဒီနေ့ လေ့ကျင့်ခန်းအစီအစဥ်မှာ မပါဝင်ဖြစ်ခဲ့ဘဲ မနက်ဖြန် ပွဲမှာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မနက်ဖြန်ညမှာတော့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၄) နေရာကပြေးနေတဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။