ထွန်းကိုကိုဟာ ဟောင်ကောင်ဇာတ်ကား Line Walker 2 ရိုက်ဖို့ ပြင်ဆင်ပြီးမှ တစ်နာရီလောက်အလိုမှာ ငြင်းပယ်ခံလိုက်ရတယ်လို့ ပြောပြလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပေးသွားမယ်လို့ ဆိုပါတယ်။
Photo: ထွန်းကိုကို
သရုပ်ဆောင် ထွန်းကိုကိုဟာ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးမှ လွဲချော်ခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဇာတ်ကားရိုက်ဖို့ ၁ နာရီလောက်အလိုမှာ ဖြုတ်ချခံလိုက်ရတာဖြစ်ကြောင်း Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။
‘’ ကျွန်တော် မေးလိုက်ပါသေးတယ်။ အစောကြီးကတည်းက ကျွန်တော့်ကို မကြိုက်လို့ မရွေးဘူးဆိုရင်လည်း ဖုန်းလည်းမဆက်နဲ့ လှမ်းလည်းမခေါ်နဲ့ ရွေးလည်း မရွေးနဲ့ပေါ့။ Casting ဆိုတာက ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြသရတာ၊ သူတို့က ရွေးချယ်ရတာ။ ကိုယ့်အရည်အချင်းကို မကြိုက်ဘူးဆိုရင် ရွေးလည်းမရွေးနဲ့ Confirm လည်းမလုပ်နဲ့ ဈေးလည်း မညှိနဲ့ပေါ့။ အခုက ဈေးလည်း ညှိပြီးပြီ။ Confirm လည်းလုပ်ပြီးတဲ့ အချိန်ကျမှ မနက် ၁၁ နာရီလောက် ရိုက်မယ်ဆိုရင် ၁၀ နာရီလောက်မှာ ကျွန်တော့်ကို Cancel လုပ်လိုက်တယ်။ Assistant Director ကို ဖုန်းဆက်တော့လည်း ဒါရိုက်တာနဲ့ပြောပြီးရင် ပြန်ဆက်မယ်ဆိုပြီး ပြန်မဆက်တာ ဒီနေ့ ဒီအချိန်ထိပဲ’’ လို့ ဖြေဆိုခဲ့ပါတယ်။
Photo: ထွန်းကိုကို
ထွန်းကိုကိုဟာ ဒီလို ကိစ္စရပ်အပေါ် ဘာမှ တုံ့ပြန်ပြောကြားထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဖြုတ်ချခံလိုက်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရတာကြောင့် သက်ဆိုင်ရာ ရုပ်ရှင်နယ်ပယ်က လူကြီးတွေကို အသိပေးပြောပြသွားမယ်လို့ ဆိုပါတယ်။
‘’ ဒီအကြောင်းအရာလေးတွေကို သက်ဆိုင်ရာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ လူကြီးတွေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လူကြီးတွေသိအောင် ကျွန်တော်ကတော့ ဆောင်ရွက်မယ်။ ပထမကတော့ မပြောတော့ဘူး၊ ဧည့်ဝတ်မကျေဘူးဆိုတဲ့အရာလေးတစ်ခု မြင်သွားမှာကို စိုးရိမ်ခဲ့တယ်။ ပြောင်းလဲမှုလေးတွေ ဖြစ်လာတာကြောင့် ဧည့်ဝတ်မကျေသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒီဟာက တရားစွဲရမယ့်အရာမဟုတ်ဘူး၊ ရန်ဖြစ်ရမယ့် အရာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒါက ကြားထဲမှာ ဘာဖြစ်သွားလို့ ဖြစ်သွားမှန်းမသိအောင် ကျွန်တော်ကိုယ်တိုင် အဖြေရှာလို့မရတဲ့ ကိစ္စဖြစ်သွားတယ်။ ဘယ်သူ့ကိုမှ အမုန်းမပွားချင်ပါဘူး’’ လို့ ဆိုပါတယ်။
Photo: ထွန်းကိုကို
ထွန်းကိုကိုဟာ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Line Walker 2 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် အစစအရာရာ ပြင်ဆင်မှုတွေ လုပ်ထားပြီးတော့မှ Cancel ဖြစ်သွားတဲ့အပေါ် စိတ်မကောင်းဖြစ်တဲ့အကြောင်း ပြောပြထားပါသေးတယ်။
‘’ကျွန်တော် တောင်းတာက ဒေါ်လာ ၁၀၀၀ နဲ့ ၅၀၀ ကြားရရင်ရိုက်မယ်ပြောတာ။ Daily ပုံစံမျိုးလည်း မရိုက်ဖူးဘူး။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ကန်ထရိုက်ရှိတယ်၊ Daily ရှိတယ်။ ကန်ထရိုက်ဆိုတာ တစ်ကားလုံး အပြတ်ပေါ့။ အဲဒီလို သဘောမျိုးလည်းမဟုတ်ဘူး။ ကျွန်တော်တို့က Main လည်းမဟုတ်ဘူး။ ကျွန်တော်တို့ကိုက အင်အားထပ်ဖြည့်တဲ့သဘောမျိုးပေါ့။ ကျွန်တော်တို့ကို Daily နဲ့ပဲ ရှင်းမယ် ဆိုတော့ တစ်ရက်ကို ဘယ်လောက်ယူမလဲဆိုတော့ ၁၀၀၀ နဲ့ ၅၀၀ ကြားဆိုအဆင်ပြေတယ်လို့ပြောခဲ့တာ။ အဲဒါကို သူတို့က တစ်ရက်ကို ၄၀၀ နှုန်းနဲ့ သတ်မှတ်လိုက်တာ။ ဘယ်နှရက် ရိုက်မလဲဆိုတော့ ၂ ရက် သို့မဟုတ် ၃ ရက် ၁၈၊ ၁၉ ရက်တွေမှာရိုက်မယ်။ မပြီးသေးဘူးဆိုရင် ၂၀ ပါရိုက်မယ်။ ၃ ရက်စလုံး အားထားပေးပါလို့လည်း ပြောထားတာ’’ လို့ စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။
(Line Walker 2 ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်က ပုံရိပ်ပါ)
ထွန်းကိုကိုဟာ Line Walker 2 ဇာတ်ကားအတွက် လေ့ကျင့်ရေးတွေ စတင်လုပ်ဆောင်တဲ့အချိန်မှာလည်း ပါဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အနုပညာကြေး ညှိနှိုင်းကြတဲ့အခါမှာလည်း အဆင်ပြေပြေ ရှိခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
‘’ကျွန်တော်တို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ Casting စဝင်ရတယ်။ ကျွန်တော့်ကို Confim ပေးတာ ၁၆ ရက်နေ့မှာ ပေးတယ်။ ၁၆ ရက်နေ့ညမှာ သူတို့ ဘက်က ဖုန်းဆက်ပြီး ဈေးလည်း လှမ်းညှိတယ် သူတို့ Confim ဖြစ်တယ်ဆိုပြီးတော့ လှမ်းပြောတယ်။ ဒေါ်လာ ၄၀၀ နဲ့ဆိုတော့လည်း ရိုက်မယ်ပြောလိုက်တယ်။ Assistand Director ကိုယ်တိုင်က လှမ်းဆက်ပြီး Confim လုပ်တယ်ပေါ့။ နောက်နေ့ကျတော့လည်း အကျီတိုင်းဖို့လာပါဆိုတော့ မနက် ၁၀ နာရီလောက် သွားမယ်လုပ်နေတုန်း ဒေါ်လာ ၂၀၀ ပဲ ပေးမယ်ပြောပြီးတော့ Cancel လုပ်လိုက်တယ်။ သူတို့ဘက်ကပဲ လုပ်သွားတာပါဆိုပြီးတော့ အဲဒီလို လုပ်ပစ်လိုက်တယ်’’ လို့ သူကဆိုပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Line Walker 2 ရုပ်ရှင်ရိုက်ကူးရေးမှာ ပါဝင်နေတဲ့ မြန်မာအနုပညာရှင်ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ မအားမလပ်ဖြစ်နေတာကြောင့် ဖြေဆိုပေးခဲ့ခြင်း မရှိသေးပါဘူး။
Photo: ထွန်းကိုကို
ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ asia new star model contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။
Share