လင်းအောင်ခေတ်က Line Walker 2 ဇာတ်ကားရိုက်ကွင်းပေါ်က အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းအတွက် ကြိုးစားမှုတွေက အရင်ကထက် ၁၀ ဆ ပိုပင်ပန်းတယ်လို့ ဆိုပါတယ်။
Photo: လင်းအောင်ခေတ်
Line Walker 2 ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ လင်းအောင်ခေတ်က ရိုက်ကွင်းပေါ်က အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ တစ်နေကုန် ရိုက်နေရင်းမှ ဇာတ်ဝင်ခန်း တစ်ခန်းပဲ ရိုက်ရသေးတယ်လို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။
‘’ တစ်ခန်းလောက်ပဲ ပြီးသေးတယ်။ ကားပေါ်က ခုန်ချတယ်၊ တစ်ဖက်ကို ကျော်သွားတယ် အဲဒီလောက်ပဲ။ မနက်ကတည်းက ရိုက်နေတာပါ။ သူတို့ကတော့ လူဖြတ်တာက အစ၊ ကင်မရာချိန်တာကအစ၊ ကင်မရာ အတိုးအလျော့တွေရောပေါ့ ဘာမှ အမှားအယွင်းမခံဘူး။ ငွေကတော့ တော်တော်သုံးတယ်၊ ကျွန်တော်တို့ကိုလည်း တန်ရာတန်ကြေးပေးတယ်။ ပြီးတော့ တန်အောင်လို့လည်း ခိုင်းတယ်။ အသားကုန်ခိုင်းတာ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
Photo: လင်းအောင်ခေတ်
လင်းအောင်ခေတ် ဟာ Line Walker 2 ဇာတ်ကားထဲက ကာရိုက်တာအတွက် ဆံပင်ညှပ်လိုက်ရတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားက ဒါရိုက်တာတွေနဲ့ အလုပ်လုပ်နေရတာ ဖြစ်တဲ့ အတွက် ပိုပြီး ကြိုးစားနေရတယ်လို့ ဆက်လက် ပြောပြထားပါတယ်။
‘’ ဆံပင်တွေလည်း ညှပ်ခံလိုက်ရတယ်။ ကားပေါ်က ခုန်ချရတာ တော်တော်များတယ်။ ဒါတောင် အစပဲရှိသေးတာ နောက်ကျရင် ကြိုးတွေနဲ့လည်း ခုန်ရမယ်ပြောတယ်။ တကယ့် သူတို့ရဲ့ စစ်ကားတွေလိုမျိုး သရုပ်ဆောင်ရမယ်လို့လည်း ပြောတယ်။ နောက်ထပ် သရုပ်ဆောင်ဖို့ အားတွေရှိပါသေးတယ်။ ပျော်ဖို့ကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။
ဇာတ်ဝင်ခန်း တစ်ခန်းအတွက်ကို တိတိကျကျ သေသေချာချာ ကြိုးစားရိုက်ကူးနေရတဲ့ လင်းအောင်ခေတ်က ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထက် ၁၀ ဆပိုပင်ပန်းတယ်လို့ ဆိုပါတယ်။
‘’ ဒီဇာတ်ကားကတော့ ရိုက်နေတာတွေက အချက်အလက်ပိုတိကျတော့ ပြောစရာမလိုပါဘူး။ ဇာတ်ကားကောင်း တစ်ကားဖြစ်မှာပါ။ Season 1 ကလည်း ကောင်းတယ်ဆိုတော့ 2 မှာလည်း ကောင်းမှာပါ။ သူတို့ကတော့ ရိုးရိုးဇာတ်ကားရိုက်တာထက် ၃ ဆလောက်ပင်ပန်းမယ်လို့ပြောတယ်။ ကျွန်တော်ထင်တာတော့ ၁၀ ဆလောက်ပို ပင်ပန်းတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
Line Walker 2 ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဟောင်ကောင်နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ အနုပညာရှင်တွေအနေနဲ့ လင်းအောင်ခေတ်နဲ့ အောင်မြင့်မြတ်တို့က ပါဝင်သရုပ်ဆောင်ခွင့်ရလာတာ ဖြစ်ပါတယ်။
လင်းအောင်ခေတ်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ သူ့ကိုတော့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က စလို့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခွင့်ရလာတဲ့ အနုပညာရှင်တစ်ယောက်ပါ။
Share