ဒီစီယူနိုက်တက်နည်းပြ ရွန်းနီက လင်ဂတ်ကို ပြီးခဲ့တဲ့နှစ်ကတည်းက အသင်းရဲ့ စောင့်ကြည့် ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတာကြောင့် သူသာ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့မယ်ဆိုရင် ဒီစီယူနိုက်တက်လည်း ဒီအတွက် အဖိုးအခရရှိမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လင်ဂတ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားပါ။
လင်ဂတ်ကို ခေါ်ယူဖို့အတွက် ရွန်းနီရဲ့ ဒီစီယူနိုက်တက်ကလည်း စိတ်ဝင်စားနေသလို အခြားသော မေဂျာလိဂ်အသင်းတွေကလည်း စောင့်ကြည့်လျက်ရှိပါတယ်။ ပုံမှန်အားဖြင့် မေဂျာလိဂ်မှာဆိုရင် အသင်းတစ်သင်းက စောင့်ကြည့်ကစားသမားစာရင်းထဲ ထည့်သွင်းထားတဲ့ ကစားသမားကို အခြားအသင်းက ခေါ်ယူမယ်ဆိုရင် နဂိုမူလ စောင့်ကြည့်ကစားသမားစာရင်း ထည့်သွင်းထားတဲ့ အသင်းကိုပါ ငွေကြေးပမာဏတစ်ခု ပေးချေရမှာပါ။
ဒီအကြောင်းကို ရွန်းနီက “ခင်ဗျားတို့ စောင့်ကြည့်ကစားသမားစာရင်းဆိုတာကို မသိကြဘူး မဟုတ်လား။ ကောင်းပါပြီ။ ဟာလန်းကို ခေါ်မယ်ဆိုပါစို့။ ကျွန်တော်တို့က ဟာလန်းကို စောင့်ကြည့်ကစားသမားစာရင်းထဲ ထည့်သွင်းထားမယ်ဆိုရင် သူက မေဂျာလိဂ်မှာ LA က အသင်းတစ်သင်း ဒါမှမဟုတ် ကျွန်တော်တို့ မဟုတ်တဲ့ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့မယ်ဆိုရင် အဲ့ဒီအသင်းက ဟာလန်းအတွက် မန်စီးတီးကိုရော၊ ကျွန်တော်တို့ကိုပါ ပေးရပါလိမ့်မယ်”
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဟာလန်းကို အရင်တွေ့ထားတာမို့လို့လေ။ ဒါက ရူးလောက်စရာပါပဲ။ ဒါပေမယ့် ခင်ဗျားသာ ပါးနပ်မယ်ဆိုရင် ပိုက်ဆံကို ဖန်တီးလို့ရပါတယ်။ မနှစ်တုန်းက လင်ဂတ်က နော်တင်ဟမ်ဖောရက်စ်နဲ့ တစ်နှစ် စာချုပ်ချုပ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့က သူ့ကို စောင့်ကြည့်စာရင်းထဲ ထည့်လိုက်ပါပြီ”
“ဘာကြောင့်လဲဆိုတော့ သူက နော်တင်ဟမ်ဖောရက်စ်မှာ တစ်နှစ်လောက် ကစားပြီးပြီဆိုရင် အမေရိကန်ကို လာနိုင်ပါတယ်။ အခု ဒီသဘောက ကျွန်တော်တို့ လင်ဂတ်ကို ခေါ်ရင်ခေါ် ဒါမှမဟုတ် သူ့အတွက် ကျွန်တော်တို့ ပိုက်ဆံရတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အစောပိုင်းမှာတော့ ရွန်းနီက ယူနိုက်တက်အသင်းဖော်ဟောင်း လင်ဂတ်ကို ပြန်လည်ခေါ်ယူဖို့ ကိစ္စနဲ့ပတ်သက်လို့ ငြင်းဆန်ပယ်ချထားဖူးပါတယ်။