Microsoft ပိုင် အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းတစ်ခုဖြစ်တဲ့ LinkedIn လည်း Podcast လောကထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
အင်တာနက်ပေါ်ကနေ နားဆင်နိုင်မယ့် အသံလွှင့်ဝန်ဆောင်မှုတွေဟာ အရေးပါတဲ့ စီးပွားရေးတစ်ခုဖြစ်လာချိန်မှာ LinkedIn ကနေ LinkedIn Podcast Network တစ်ခု စတင်လိုက်ကြောင်း ကြေညာလိုက်တာပါ။ LinkedIn Podcast Network မှာ LinkedIn News Team ရဲ့ ကိုယ်ပိုင် In-House ရှိုးတွေအပြင် နယ်ပယ်အသီးသီးက ထင်ပေါ်ကျော်ကြားသူတွေရဲ့ ပရိုဂရမ်တွေလည်း ပါဝင်မယ်လို့ Engadget သတင်းမှာ ဖော်ပြထားပါတယ်။
Photo: digitalmediawire
LinkedIn ရဲ့ အသံလွှင့်အစီအစဉ်တွေမှာ တင်ဆက်သွားမယ့် ရှိုးတွေဟာ ပရော်ဖက်ရှင်နယ်ပရိသတ်တွေအတွက် ရည်ရွယ်ထားပြီး နယ်ပယ်အနေနဲ့ နည်းပညာ ၊ စိတ်ကျန်းမာရေးစီမံခန့်ခွဲမှုနဲ့ အလုပ်ခေါ်ဆိုမှုဆိုင်ရာကဏ္ဍတွေကို အဓိကပစ်မှတ်ထားသွားမှာပါ။ LinkedIn အမှုဆောင်ဥက္ကဌ နဲ့ ပူးတွဲတည်ထောင်သူ ရိဒ် ဟော့ဖ်မန်းလည်း The Start-Up Of You လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွန့်ဦးတီထွင်မှုအကြောင်း Podcast အစီအစဉ်တစ်ခုမှာ ပူးတွဲတင်ဆက်သွားဖို့ ရှိပါတယ်။
The Start-Up Of You အစီအစဉ်ကို ဒီနှစ် နွေဦးပိုင်းမှာ လွှင့်တင်သွားဖို့ လုပ်ဆောင်နေပါတယ်။ LinkedIn Podcast Network ဟာ လက်ရှိမှာ အစမ်းလွှင့်တင်ဆဲ Pilot အဆင့်မှာပဲ ရှိသေးတာပါ။ ဒါဟာ ဂျက်ဆီ ဟမ်ပဲလ်တင်ဆက်ခဲ့ပြီး LinkedIn News ကနေ ထုတ်လွှင့်ခဲ့တဲ့ အလုပ်အကိုင်သဘာဝဖြစ်ပေါ်ပုံ အဆင့်ဆင့်အကြောင်း ရှင်းပြတဲ့ Hello Monday ဆိုတဲ့ podcast အောင်မြင်မှုရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။
LinkedIn ရဲ့ podcast ကွန်ရက်ဟာ ကုမ္ပဏီရဲ့ Newsletters ၊ Live Events ပွဲတွေ ၊ ဗွီဒီယိုနဲ့ ပို့စ်တွေ စတဲ့ တခြားထုတ်ကုန်တွေနဲ့လည်း ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ LinkedIn podcast တွေကို နားဆင်မယ့် သောတရှင်တွေဟာ အစီအစဉ်တင်ဆက်သူနဲ့ သူတို့ရဲ့ သတင်းလွှာတွေကို Follow လုပ်ထားရင် LinkedIn မှာ podcast တွေကို တိုက်ရိုက်နားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။
podcast ထဲက ရှိုးတွေကို Apple Podcasts ၊ Spotify နဲ့ တခြား Podcast ပလက်ဖောင်းတွေမှာလည်း ရယူနိုင်မယ်လို့ ဆိုပါတယ်။