In partnership with  logo
အမျိုးသမီးတိုင်းအတွက် နေရာတိုင်းဟာ လုံခြုံစိတ်ချရတဲ့နေရာတွေဖြစ်စေဖို့အတွက် မလိုအပ်တဲ့ ရှက်ရွံ့သိမ်ငယ်မှုတွေကို ဘေးဖယ်ပြီး သတ္တိရှိရှိရင်ဆိုင်နိုင်ကြရပါမယ်။

ခုမျက်မှောက်ခေတ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့နည်းတူ ရင်ဘောင်တန်းပြီး လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်လာရပါတယ်။ ဒီလို တာဝန်တွေထမ်းဆောင်လာရတာနဲ့အမျှ အမျိုးသမီးတွေ အချိန်အများဆုံးကုန်ဆုံးရာနေရာက အိမ်မဟုတ်တော့ဘဲ အလုပ်သွားရာ လမ်း၊ ကျောင်းသွားရာလမ်း ၊ အလုပ် ၊ ကျောင်း ၊ သင်တန်း စတဲ့နေရာတွေဖြစ်လာပါတယ်။

ကိုယ့်ယုံကြည်ရာ ၊ ကိုယ့်အသက်မွေးဝမ်းကျောင်းပြုရာမှာ မမျှော်လင့်ဘဲ ကြုံတွေ့လာရတာကတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေပါပဲ။ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားမှုတွေထဲမှာ အကြီးမားဆုံး စိတ်အနှောင့်အယှက်ဖြစ်စရာဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု၊  ကာယိနြေ္ဒပျက်စီးစေမှုပါပဲ။ သေးမွှားတဲ့ ကိစ္စရပ်တွေက စိတ်အနှောင့်အယှက်ဖြစ်ရ ၊ ဒေါသဖြစ်ရပြီး ကြီးကြီးမားမားကိစ္စရပ်တွေကတော့ စိတ်ကျရောဂါနဲ့အတူ လူတောမတိုးဝ့ံ့တဲ့အခြေအနေ ၊ နောက်ဆုံးကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်မြို့တွင်း ဝန်ထမ်းအဖြစ်လုပ်ကိုုင်နေတဲ့ အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကို ခုလိုဝေမျှပါတယ်။

“ရုံးသွားရုံးပြန်ချိန်တွေဆို လမ်းပေါ်က ကောင်လေးတစ်စုရဲ့ ဟေ့ လှတယ်နော်က စပြီး စိတ်အနှောင့်အယှက်ဖြစ်စရာစကားတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် ဒါက ပျော်စရာလားတော့ မသိဘူး။ ညီမအတွက်တော့ တော်တော်စိတ်ညစ်ရတယ်။ နောက်ပိုင်း ဘယ်သွားသွား နားကြပ်ထဲ တပ်ထားတော့တယ်။ ဘာမှမကြားရရင် အကုသိုလ်ကင်းတယ်”

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဆိုတာဘာလဲ

လိင်အကြမ်းဖက်မှုကိုမှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဆိုတာ လေချွန်သံပေးတာ ၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားလုံးတွေ ၊ အပြုအမူတွေ ပြုလုပ်တာ ၊ နောက်က လိုက်တာ ၊ အမြင်မတော်ရာ နေရာကို ပြသတာ။ ကန့်သတ်နယ်မြေတွေကို ထိတွေ့ကိုင်တွယ်တာ ၊ စနောက်ကျီစယ်ဟန်နဲ့ မကြားဝံ့မနာသာ စကားလုံးတွေပြောတာ ၊ စနောက်ကျီစယ်ဟန်နဲ့ ပွေ့ဖက်ထိတွေ့တာမျိုးပဲ ဖြစ်ပါတယ်။

ဘယ်လိုနေရာတွေမှာ အဖြစ်များပါသလဲ

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေဟာ နေရာတိုင်းမှာ ရှိကြပါတယ်။ စာသင်ကျောင်းလိုနေရာ ၊ သင်တန်းလိုနေရာ ၊ အလုပ်နေရာ ၊ လမ်းသွားလမ်းလာနေရာတွေသာမက ယာဉ်တွေပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကြုံတွေ့ရပါတယ်။ တခါတရံ ကိုယ်လုံးဝထင်မှတ်မထားသူဆီကနေလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာမျိုးတွေ ကြုံတွေ့ရလေ့ ရှိပါတယ်။

သင်တန်းဆရာတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ကလည်း သူ့ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတယ်။

“ဆရာဆိုတော့ ထင်မထားဘူး။ ဘာမှမဖြစ်ခဲ့ဘူးဆိုပေမယ့် ခုချိန်ထိ အဲဒီအဖြစ်အပျက်တွေက မြင်ယောင်နေတုန်းပဲ။ အဲဒီသင်တန်းလည်း ဆက်မတက်တော့ဘူး။ ဖြစ်နိုင်ရင် တိုင်ချင်ပါတယ်။ ဒါပေမယ့် ညီမလေးမိဘတွေက ရှေးရိုးစွဲတွေ။ ဒီလို ဖြစ်ခဲ့တာတွေသာ သိသွားရင် ညီမလေးကို အပြင်ထွက်ခိုင်းတော့မှာမဟုတ်ဘူး။”

ဘယ်အရာက ကြောက်စရာအကောင်းဆုံးချက်လဲ

ကြောက်စရာအကောင်းဆုံးအချက်ကတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းခံရတဲ့ အမျိုးသမီးတွေဟာ ဘယ်ကိုမှ တိုင်ကြားတာမျိုး အလျဉ်းမရှိတာပါပဲ။ ဒါဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လိုတဲ့သူတွေကို ထပ်ခါထပ်ခါ ကျူးလွန်အောင် ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေကို အနိုင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုမတိုင်ကြားခြင်းရဲ့ နောက်ဆက်တွဲအဖြစ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေက ဆက်တိုက်ဖြစ်နေဦးမှာပါပဲ။


ပြစ်ဒဏ်တွေက ဘာတွေလဲ

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုခံရပြီဆိုရင် ချက်ချင်းလက်ငင်း တိုင်ကြားဖို့တော့ လိုအပ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေအတွက် ထောင်ဒဏ် ၊ ငွေဒဏ်နဲ့အတူ နှစ်ခုစလုံး ကျခံစေတဲ့ ပြစ်ဒဏ်တွေက ရှိနေပါတယ်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအတွက် ပြစ်ဒဏ်တွေကတော့

ပုဒ်မ ၃၅၄ - မည်သူမဆို မိန်းမတစ်ယောက်ရဲ့ ကာယိနြေ္ဒကို ပျက်စီးစေဖို့ ရည်ရွယ်ချက်နဲ့ ကာယိနြေ္ဒ ပျက်စီးအောင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်ရင် ထောင်ဒဏ် (၂) နှစ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်ပါတယ်။

ပုဒ်မ ၅၀၉ - မည်သူမဆို မိန်းမတစ်ယောက်ရဲ့ ကာယိနြေ္ဒကို စော်ကားဖို့ ကြံရွယ်ပြောဆိုခြင်း၊ မြင်သာအောင်ပြုလုပ်ခြင်း ၊ စတဲ့ ပြစ်မှုတွေအတွက် ရာဇဝတ်မှုမြောက်၊ ထောင်ဒဏ် (၁) နှစ်နှင့် အလုပ် ငွေဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်ပါတယ်။

ပုဒ်မ ၂၆၈ - လမ်းမပေါ်၊ လူအများရှိတဲ့နေရာမှာ ကျူးလွန်ခဲ့ရင် အများပြည်သူ နှောင့်ယှက်မှုနဲ့ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင်ပါတယ်။

ပုဒ်မ ၄၄၇ - အမျိုးသမီးနေအိမ်၊ အခန်းကို တိတ်တဆိတ်ဝင်ရောက် ကျူးကျော်ဝင်ရောက်ရင်လည်း ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်ပါတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအတွက် ပြစ်ဒဏ်တွေ ချမှတ်ထားပါရက်နဲ့ ၊ လုံခြုံတဲ့ ဥပဒေတွေ ရှိပါရက်နဲ့ အမျိုးသမီးတွေဟာ ရှက်ကြောက်မှု နဲ့အတူ ပတ်ဝန်းကျင်က လက်ညှိုးထိုးကဲ့ရဲ့ကြမှာ စိုးရိမ်မှုတွေကြောင့် မတိုင်ကြားဘဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။

အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို ဥပဒေလမ်းကြောင်းကနေ အကူအညီပေးနေတဲ့ Legal Clinic Myanmar Founder တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက သူ့ဆီကို လာရောက်အကူညီတောင်းခံတတ်တဲ့ အကြောင်းအရာတွေကတော့ ကာယိနြေ္ဒပျက်စီးအောင် ပြုလုပ်မှုတွေပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိုင်ကြားတဲ့ အမှုမျိုးထက် ဖုန်းဆက်ပြီး ပြစ်ဒဏ်တွေအကြောင်းမေးမြန်းတာ နဲ့ အကြံဉာဏ်တောင်းဆိုတာတွေ ပိုမိုများပြားတယ်လို့ ပြောပါတယ်။

ဘာ့ကြောင့်တိုင်ကြားတာထက် ဆွေးနွေးအကြံတောင်းတာ ပိုများရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း ရှင်းပြပါတယ်။ အမျိုးသမီးလေးတွေဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပြုလုပ်တာမျိုး ကြုံရပြီဆိုရင် ပထမဆုံးအနေနဲ့ ရှက်ရွံ့သိမ်ငယ်သွားတတ်ကြပါတယ်။ တိုင်ကြားလိုက်တဲ့အခါမှာလည်း ပတ်ဝန်းကျင်က အနေအထိုင် နဲ့ ဝတ်စားဆင်ယင်မှုအပေါ် မေးငေါ့ဝေဖန်ပြစ်တင်ကြမှာကို စိုးရိမ်ကြပါတယ်။ နောက်တစ်ခုကတော့ သက်သေအထောက်အထားပါ။ မြင်တွေ့ကြားသိကြသူတွေရဲ့ ပါဝင်ကူညီပေးမှုတွေကလည်း တကယ်ကို လိုအပ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းအနေနဲ့ ကိုယ့်ရှေ့မှာ မိန်းကလေးတစ်ယောက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံတွေ့လာရပြီဆိုရင် မျက်ကွယ်ပြုမသိချင်ယောင်မဆောင်ဘဲ ဝိုင်းဝန်းကူညီပေးသင့်ပါတယ်။

“သူတို့မှာ အတားအဆီးတွေအရမ်းများတယ်။ သူတို့အတွက် ဒီလို အကြမ်းဖက်ခံရချိန်မှာ တိုင်ကြားမှုဆိုင်ရာ ယန္တရားက လက်လှမ်းမှီမနေဘူး။ ဥပမာ- ကားပေါ်မှာ ကာယိနြေ္ဒပျက်အောင်လုပ်ခံရတယ်ဆိုရင်နီးစပ်ရာ ယဉ်ထိန်းရဲတွေကို တိုင်ကြားဖို့ရာ အဆင်မပြေဘူး။ ရဲစခန်းကို မောင်းဘာညာ ဆိုတော့ တိုင်ကြားဖို့ လက်လှမ်းမီတဲ့နေရာမှာ ရှိမနေဘူး။ နောက်တစ်ချက်က ပတ်ဝန်းကျင်က လူတွေက တိုင်ကြားဖို့အတွက် ကူညီပေးရမယ့်အစား ဒီလောက်လေးလုပ်တာဘာမှဖြစ်သွားတာမဟုတ်ဘဲနဲ့ ရေးကြီးခွင်ကျယ် လုပ်နေတယ်ဆိုပြီး မေးငေါ့ခံရမှာစိုးကြတယ်။ နောက်တစ်ခုကတော့ တရားရုံးကို တိုက်ရိုက်တရားစွဲဆိုရမယ့်နေရာတွေမှာ သက်သေက အားနည်းချက်ရှိနေတယ်။ မြင်တဲ့ ကြားတဲ့သူတွေကလည်း တရားရုံးမှာ သက်သေထွက်ဆိုဖို့ အခက်အခဲတွေအများကြီးရှိတယ်။ တရားရုံး PROCESS တွေကို ရှုပ်ထွေးတယ်လို့ ခံစားရတဲ့သူတွေရှိတယ်။ တရားရုံး PROCESS တွေ DELAY ဖြစ်တဲ့ အပေါ် အဆင်မပြေတဲ့သူတွေ ရှိတယ်။ ဒီတော့ တရားစွဲဆိုတာထက် ဒီလိုလုပ်ခံရရင် ဘယ်လိုပြစ်မှုတွေ ရှိသလဲ ၊ ဘာပြန်ပြောရမလဲဆိုတာတွေကို ဖုန်းဆက်မေးတာ နဲ့ လူကိုယ်တိုင် အကြံဉာဏ်တောင်းကြတာ ဒါတွေပဲ များပါတယ်။"

မဒီတို့အတွက် လုံခြုံတဲ့ ဥပဒေ

တကယ်တော့ တရားဥပဒေတွေဟာ မဒီတို့ဘဝလုံခြုံမှုအတွက် အကာအရံတံတိုင်းအနေနဲ့ ရှိကိုရှိနေပါတယ်။ ဒါပေမယ့် အမျိုးသမီး အများစုဟာ ရှက်ကြောက်သိမ်ငယ်စိတ်တွေနဲ့ မတိုင်ကြားတော့ဘဲ နစ်နာသူအနေနဲ့ ရေငုံနှုတ်ပိတ်နေလိုက်တာဟာ ဆိုးရွားတဲ့ ထိခိုက်နစ်နာမှုကြီးဖြစ်ပါတယ်။

“တကယ်လို့ အစ်မတို့ဆီကို အကူအညီတောင်းမယ်ဆိုရင် ကာယိနြေ္ဒပျက်စီးအောင် ပြုလုပ်ခံရတဲ့ အထောက်အထားတွေကို (အသံRECORDING တို့ ၊ ပြတယ်ဆိုရင်လည်း ပြတဲ့ ဓာတ်ပုံတို့) တစ်ခုခုပါရင်ပိုကောင်းတယ်။ မြင်တဲ့သူ၊ ကြားတဲ့သူတွေရှိတယ်ဆိုရင်လည်း သက်သေအဖြစ်လိုက်ပေးနိုင်မယ်ဆိုရင် အစ်မတို့က တရားရုံးကို ဦးတိုက်လျှောက်ပေးမှာပါ။”

Legal Clinic Myanmar အဖွဲ့အစည်းဟာ အကြမ်းဖက်ခြင်းတဲ့ နစ်နာသူအမျိုးသမီးတွေနဲ့  မိန်းကလေးတွေအတွက် အခမဲ့ တရားရုံးမှာ အမှု လိုက်ပါဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းပါ။ တခြားဘယ်အကြောင်းအရာမဆို အခမဲ့ဥပဒေပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်အကြံပေးတာတွေ ၊ ညှိနှိုင်းတာတွေ နဲ့ ကြားဝင်ဖြေရှင်းပေးတာတွေကို ပြုလုပ်ဆောင်ရွက်ပေးပါတယ်။ ဒီတော့ လိင်အကြမ်းဖက်ခံရသူတွေအနေနဲ့ ရှက်ရွံ့သိမ်ငယ်နေမယ့်အစား ကိုယ့်ကို ထိခိုက်နစ်နာအောင် ပြုလုပ်ကျူးလွန်သူကို မှတ်လောက်သားလောက်အောင် ဥပဒေနဲ့ အနိုင်ယူဖို့ သတ္တိရှိသင့်ပါတယ်။


တကယ်တမ်းရှက်သင့်တဲ့သူဟာကျူးလွန်သူဖြစ်ပါတယ်

တကယ်တော့ တကယ်တမ်းရှက်ရမယ့်သူက နစ်နာသူမဟုတ်ပါဘူး။ ကျူးလွန်သူကသာ ရှက်ရမှာပါ။ မိဘဆွေမျိုးတွေအနေနဲ့လည်း ဒီလိုကိစ္စရပ်တွေဖြစ်လာတဲ့အခါ ပြစ်တင်ဆူပူနေမယ့်အစား ကျူးလွန်ခံရသူအပေါ် နွေးထွေးတဲ့ လုံခြုံမှုကို ပေးသင့်ပါတယ်။ ကျူးလွန်သူတွေဟာ အနေအထိုင် ၊ အဝတ်အစားကြောင့် ကျူးလွန်တာမျိုးမဟုတ်ဘဲ ကျူးလွန်ချင်လို့သာ ဒီလို လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကလည်း ကျူးလွန်ခံရသူမိန်းကလေးကို ပြစ်တင်ဝေဖန်နေမယ့်အစား ကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရအောင် ဝိုင်းဝန်းကူညီမယ်ဆိုရင် ဒီလို လိင်အကြမ်းဖက်မှုတွေက တဖြည်းဖြည်းလျှော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆို မိန်းကလေးတိုင်းအတွက် ဘယ်နေရာမဆို လုံခြုံစိတ်ချရတဲ့ နေရာတွေ ဖြစ်လာမှာပါ။

ဒီတော့ ဘယ်လို မတရားမှုမျိုးကိုမှ ခေါင်းငုံ့မခံပါနဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမသားထုကြီးအတွက် သတ္တိအပြည့်ရှိပြီး ကာကွယ်ပေးရမှာဟာ တို့အမျိုးသမီးတွေပဲဖြစ်လို့ အရာရာကို ရှက်ကြောက်သိမ်ငယ်မနေဘဲ ရဲရဲဝ့ံ့ဝံ့ရင်ဆိုင်ကြစေချင်ပါတယ်။

Share

Loading Next Article...
က္က