လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ ဇော်ဟာ သေဒဏ်ကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဦးထူးချစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ သြဂုတ်လ ၁၄ ရက် က ကြေညာလိုက်ပါတယ်။
" လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ရခိုင်လူငယ် ဝင်းနဲ့ ဇော် သေဒဏ်မှ လွတ်မြောက်၊ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ်" ဆိုပြီး ဦးထူးချစ်က ရေးသားထားတာပါ။
ဖြစ်စဉ် အသေးစိတ်အခြေအနေကိုတော့ ဘာသာပြန်ပြီး မကြာခင်မှာတင်ပေးမယ်လို့လည်း ဦးထူးချစ်က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို လိပ်ကျွန်းမှာ ကမ္ဘာ့လှည့်ခရီးသွားနှစ်ဦးကို သတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ၊ တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက သေဒဏ် အမိန့်ချမှတ်ထားတာပါ။
အဲဒီနောက် ဝင်းနဲ့ ဇော်အတွက် တရားရုံးမှာ အယူခံတွေ တင်သွင်းခဲ့သလို မိခင်နှစ်ဦးကလည်း ထိုင်းဘုရင့်ထံ အသနားခံစာတင်ပြတောင်းဆိုမှုတွေကို ၂၀၁၉ ခုနှစ်အောက်တိုဘာလတုန်းက လုပ်ဆောင်ခဲ့သေးတယ်လို့လည်းသိရပါတယ်။