လွန်ခဲ့တဲ့ ၁၀ နှစ်က သေဆုံးခဲ့တဲ့ လစ်ဗျားအာဏာရှင် ကဒါဖီရဲ့သားဖြစ်သူက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်နီးပါးအဖြစ် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၄ ရက်) မှာ ထွက်ပေါ်လာခဲ့ပြီး သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန် စာရင်းသွင်းခဲ့ကြောင်း သိရပါတယ်။
(Photo: Khaled Al-Zaidy / Reuters)
လစ်ဗျားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာ မုတ်ဆိတ်မွှေးအဖြူတွေနဲ့ အသက် ၄၉ နှစ်အရွယ် ဆာအိဖ်အယ်လ်အစ္စလာမ် အယ်လ်ကဒါဖီဟာ အညိုရောင် ရိုးရာဝတ်ရုံနဲ့ ခေါင်းပေါင်းကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားကာ နိုင်ငံတောင်ပိုင်း Sebha မြို့ရှိ ကော်မရှင်ရုံးမှာ စာရွက်စာတမ်းများ လက်မှတ်ထိုးနေတာ တွေ့ခဲ့ရပါတယ်။
အယ်လ်ကဒါဖီဟာ လစ်ဗျားသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် အထင်ရှားဆုံးနဲ့ အငြင်းပွားဖွယ်ရာအဖြစ်ဆုံး ကိုယ်စားလှယ်လောင်းတွေထဲမှ တစ်ဦးဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ အခြား ထင်ရှားသူတွေအဖြစ် အရှေ့ပိုင်း စစ်တပ်အကြီးအကဲ Khalifa Haftar ၊ ဝန်ကြီးချုပ် Abdulhamid al-Dbeibah နဲ့ လွှတ်တော်ဥက္ကဌ aguila Saleh တို့လည်း ပါဝင်ပါတယ်။
(၁၉၈၉ ခုနှစ်အတွင်း ကဒါဖီနှင့်အတူတွေ့ရသည့် အယ်လ်ကဒါဖီ) (Photo: AFP)
အယ်လ်ကဒါဖီဟာ လစ်ဗျားမှာ လူသိအများဆုံးသူတစ်ဦးဖြစ်ပြီး NATO အုပ်စုက ကျောထောက်နောက်ခံပြုတဲ့ ၂၀၁၁ ခုနှစ် ပြည်သူလူထု အုံကြွမှုဖြင့် ၎င်းရဲ့မိသားစု အုပ်ချုပ်မှုစနစ် ဖျက်ဆီးဖယ်ရှားခံရချိန် မတိုင်မီ နိုင်ငံရဲ့ မူဝါဒရေးရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
သို့သော် ၎င်းကို ဆယ်စုနှစ်တစ်ခုအတွင်း မမြင်ရသလောက်နီးပါး ဖြစ်နေခဲ့ပြီး ယခုမှသာ အများမြင်ကွင်းမှာ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ရာဇဝတ်မှုများဖြင့် အလိုရှိနေတဲ့ အယ်လ်ကဒါဖီ လစ်ဗျားသမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့်ကိစ္စအပေါ် မေးခွန်ထုတ်မှုတွေနဲ့ အငြင်းပွားမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။ ကဒါဖီ ပြုတ်ကျခဲ့ပြီနောက် နှစ်နဲ့ချီကြာ ကသောင်းကနင်းဖြစ်နေမှုကို အဆုံးသတ်ရန် အကူအညီဖြစ်မယ်လို့ မျှော်လင့်ထားတဲ့ လစ်ဗျားရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။