ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွိုင်းရားအပါအဝင် အသင်းမှာ အသုံးမလိုတဲ့ ကစားသမားအချို့ကို ရောင်းချဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လည်း ဒီအစီအစဥ်က လက်တွေ့ဖြစ်မြောက်လာဖို့ ခက်ခဲနေပြီး အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာနဲ့ ဆက်စပ်နေတယ်လို့ သိရှိရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၃) နဲ့ ရာသီသိမ်းခဲ့တာကြောင့် ရာသီသစ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ ကစားသမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင် လစာငွေ အလိုအလျောက် တိုးမြှင့်ပေးရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် လာမယ့်ရာသီသစ်မှာ မက်ဂွိုင်းရားအပါအဝင် ယူနိုက်တက်ရဲ့ ကစားသမားအချို့က လစာ တိုးမြှင့်ရရှိလာမှာပါ။ တစ်ဖက်မှာလည်း ဒါက ယူနိုက်တက်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဒီကစားသမားတွေအနေနဲ့ အခြားအသင်းမှာ လစာလျှော့ယူပြီး ပြောင်းရွှေ့ကစားဖို့ ဖြစ်နိုင်ခြေ နည်းပါးသွားခဲ့ပါတယ်။ လက်ရှိအနေအထားအရ မက်ဂွိုင်းရားတို့အုပ်စုဟာ အလယ်အလတ်တန်းအသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ရဖို့ ရာခိုင်နှုန်းများနေတာပါ။
ယူနိုက်တက်ကသာ ဒီလိုမျိုး ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ဒီကစားသမားတွေရဲ့ လစာငွေက သေချာပေါက် ပြန်လည်လျော့ကျသွားမှာဖြစ်ပြီး ဒီအချက်ကြောင့် ယူနိုက်တက်တို့ ကစားသမား ရောင်းချတဲ့နေရာမှာ အခက်တွေ့တော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းရားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် လက်ခံစဥ်းစားပြီး ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်။
တန်ဟက်ခ်အနေနဲ့လည်း လက်ရှိနွေရာသီမှာ သူ့စိတ်ကြိုက် ကစားသမားတွေကို ထပ်မံဖြည့်တင်းနိုင်ဖို့အတွက်ဆိုရင် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းချပြီး အသုံးစရိတ် ရှာဖွေဖို့ လိုအပ်နေပါတယ်။ ယူနိုက်တက်ရဲ့ အရောင်းစာရင်းထဲမှာ မက်ဂွိုင်းရားနဲ့အတူ ဆန်ချို၊ မာရှယ်လ်၊ ဗန်ဒီဘိခ်၊ ဖရက်ဒ်၊ အီလန်ဂါ၊ တဲလက်စ်၊ ဘာယီတို့ ပါဝင်လျက်ရှိပါတယ်။