ကျောင်းသူဘဝတုန်းက ဒီလိုတွေရှိတယ်ဆိုတာ မသိခဲ့ပါဘူးတဲ့။
သရုပ်ဆောင် ဥက္ကာမင်းမောင်က Gay ဖြစ်ကြောင်း ဝန်ခံပြီးတဲ့နောက် အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ ဆုမြတ်နိုးဦးက သူမရဲ့အမြင်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နေကြတယ်ဆိုတာက ကောင်းတဲ့ လက္ခဏာပါလို့ ပြောလာတဲ့ ဆုမြတ်နိုးဦးက သူ ကြုံတွေ့ဖူးတဲ့ LGBT တွေအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
 

ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ Fuji Film ပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ တွေ့ဆုံစဉ်မှာ "သရုပ်ဆောင် ဥက္ကာမင်းမောင်က Gay ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့အပေါ် ဘယ်လိုထင်မြင်မိပါသလဲ" ဆိုတဲ့ မေးခွန်းကို Duwun Media က မေးမြန်းဖြစ်ခဲ့ပါတယ်။

'' ဘယ်လိုမြင်သလဲ ဆိုတော့ ဒါဟာ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ပေါ့နော် ငါတို့ကတော့ ဒီလိုမျိုးမို့လို့ နင်တို့ကတော့ ဘယ်လိုနေ ဆိုတာမျိုးမှ မရှိတာ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နေကြတယ်ဆိုတာက ကောင်းတဲ့ လက္ခဏာပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေတာထက်စာရင် ယောကျ်ားလေးအချင်းချင်းပဲ ဖြစ်ဖြစ်၊ မိန်းကလေးအချင်းချင်းပဲ ဖြစ်ဖြစ်၊ မိန်းကလေးနဲ့ ယောကျ်ားလေးပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ပဲ အတူတူသွားကြတယ်ဆိုတာ ဂုဏ်ယူစရာပါ'' လို့ ဆုမြတ်နိုးဦးက ဆိုပါတယ်။

ညီထွဋ်ခေါင်နဲ့ အမှတ်တရအကြောင်းတွေပြောပြတဲ့ ဆုမြတ်နိုးဦး

လျှို့ဝှက်ထားတာထက်စာရင် ပွင့်ပွင့်လင်းလင်းချပြလိုက်တာမျိုးက ပိုကောင်းတယ်လို့လည်း သူမက ယူဆပါတယ်။

'' မြတ်နိုးတို့ဆိုလည်း Make up Arist တွေနဲ့ အတူတူရှိနေတာပဲလေ သူတို့ကိုလည်း မြတ်နိုးချစ်တယ်။ သူတို့နဲ့နေရင် ပျော်ရတယ်။ သူတို့ ကြောင့် စိတ်ရှုပ်ရတာ၊ စိတ်ညစ်ရတာမျိုးမရှိဘူး။ သူတို့က ဂရုစိုက်တတ်တယ်၊ အရမ်းလည်း ကူညီတတ်ကြတယ်။ သူများတွေလို လျှိုထားတာ ထက် ပွင့်ပွင့်လင်းလင်းချပြတာဆိုတော့ ပိုကောင်းတာပေါ့'' လို့ သူကဆိုပါတယ်။

Fuji Film ပွဲကို တက်ရောက်လာတဲ့ ဆုမြတ်နိုးဦးနဲ့ အခြားအနုပညာရှင်များ

 

LGBT စုံတွဲတွေ အပေါ်မှာ ဆုမြတ်နိုးဦးရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါသေးတယ်။

'' မြတ်နိုးတို့ သူငယ်ချင်းတွေထဲမှာလည်း LGBT စုံတွဲတွေ ရှိပါတယ်။ ကျောင်းတက်နေတဲ့အချိန်တုန်းကတော့ ဒါမျိုးတွေ ရှိတယ် ဆိုတာ မသိဘူး။ ဒီအနုပညာလောကထဲ ရောက်လာပြီး နောက်ပိုင်းကျမှ သိတာလေ။ သိသွားတဲ့ အချိန်မှာလည်း ဒါဘာကြီးလဲ ဆိုတာတွေ ဖြစ်သွားတာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာ ဖြစ်တဲ့အတွက် ကောင်းပါတယ်'' လို့ ဆုမြတ်နိုးဦးက ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ဆုမြတ်နိုးဦးဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ သတိထားမိခဲ့တာ ဖြစ်ပါတယ်။ ပေးလာတဲ့ ကာရိုက်တာအပေါ်မှာလည်း အကောင်းဆုံးနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို လက်ခံရရှိနေပြီဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က