အောင်မြင်တဲ့ Rocker အဆိုတော်ကြီး ဖော်ကာက သြဂုတ်လ ၃ ရက်နေ့ကစပြီး ကလေးအဖေတစ်ယောက်ဖြစ်သွားပါပြီ။ သူ့ဇနီး မပွင့် ဖြူအောင် က သားဖြစ်သူ အိမ်ခေါ်နာမည် ဂျက်ရှည်လေးကို မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ သားလေးနဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း သီချင်းလေးရေးဦးမယ်လို့ပြောပါတယ်။
အောင်မြင်တဲ့ Rocker အဆိုတော်ကြီး ဖော်ကာက သြဂုတ်လ ၃ ရက်နေ့ကစပြီး ကလေးအဖေတစ်ယောက်ဖြစ်သွားပါပြီ။ သူ့ဇနီး မပွင့်ဖြူ အောင် က သားဖြစ်သူ အိမ်ခေါ်နာမည် ဂျက်ရှည်လေးကို မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ ဖခင်တစ်ယောက်ဖြစ်လာတဲ့ သူ့ရင်ထဲက စကားသံကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့တာပါ။
'' ကျွန်တော် မပြောပြတတ်ဘူး၊ အရင်နဲ့လုံးဝ မတူဘူးလေ ဒီခံစားချက်က အရင်တုန်းကလည်း ဒီလိုကြုံခဲ့ဖူးတာမျိုးမရှိဘူးလေ။ ရုပ်ရှင်ကြည့် မယ်၊ စာတွေဖတ်တယ် ဒီလိုတွေပဲ မှတ်သားခဲ့ဖူးတာပေါ့။ အခု ကိုယ်တိုင်ကျတော့ စိတ်ထဲမှာ ဘယ်လိုလည်း မသိဘူး ကျွန်တော် ချရေးလို့ မရသေးဘူး။ ထူးတော့ တော်တော်ထူးဆန်းတယ်'' လို့ ဆိုပါတယ်။
ဖော်ကာဟာ ပထမဦးဆုံးဖခင်တစ်ယောက်ဖြစ်လာချိန်မှာတော့ အရင်တုန်းကနဲ့ မတူတဲ့ ခံစားချက်တွေ၊ ဆုံးဖြတ်ချက်တွေက ရင့်ကျက် လာပြီလို့ ဆိုပါတယ်။ အဲ့ဒီနောက် သူ့ရဲ့သားလေးနဲ့ ပတ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ကိုလည်း ရေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရင်သွေးလေး ၂ ယောက်လိုချင်တယ်လို့လည်း သူကပြောခဲ့ပါသေးတယ်။
'' ရင့်ကျက်တာတော့ တော်တော်ရင့်ကျက်လာပါတယ်။ မထင်မှတ်ပဲ မျှော်လင့်ထားတဲ့အရာလည်း မဟုတ်တော့ ကျွန်တော်ကလည်း ကလေး အရမ်းချစ်တတ်တော့ ဒီလိုမိသားစုဘဝလေးကို လိုချင်လို့ ကိုယ်တိုင်ဖန်တီးခဲ့တာဆိုတော့ ထွေထွေထူးထူးခံစားရတာတော့ မဟုတ်ပါဘူး။ အစ ကတည်းက ကြိုစဉ်းစားထားတဲ့အရာဆိုတော့လေ'' လို့ ဖော်ကာက ပြောပါတယ်။
ဇနီးဖြစ်သူက ကိုယ်ဝန်လွယ်ထားရချိန်မှာတော့ ချဉ်ခြင်းတတ်တာ ထွေထွေထူးထူးမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူအရမ်းကြိုက်တဲ့ Sea Food တော့ မစားတော့ဘူးလို့လည်း ဖော်ကာ က ပြောပါတယ်။
'' သူ ချဉ်ခြင်းတက်တာကတော့ သူက အရင်ကဆို ပုဇွန်တွေ၊ Sea Food တွေအရမ်းကြိုက်တာ။ ကျွန်တော်က ပင်လယ်က လာပြီး ပင်လယ်စာ မစားဘူး။ ဝက်သားတို့၊ ကြက်ဥတို့ ဘဲဥတို့ပဲ အရမ်းကြိုက်တာ။ နောက်ပိုင်းကျတော့ သူပဲ အဲ့ဒါတွေကြိုက်တော့တာ ပုဇွန်တွေဆိုလည်း အနံ့ တောင် မခံနိုင်တော့ဘူး၊ နွားနို့တွေဆိုလည်း ကျွန်တော်ပဲ သောက်တယ် ပြောင်းပြန်တွေဖြစ်ကုန်တာ'' လို့ ဖော်ကာက ပြောပါတယ်။
ဖော်ကာနဲ့ပွင့်ဖြူအောင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ အောက်တိုဘာ(၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါ တယ်။ သူတို့ဟာ ၂၀၁၂ခုနှစ်ဒီဇင်ဘာလမှာ ချစ်သူနဲ့ စတွေ့ခဲ့တာ ဖြစ်ပြီး ယခုဆိုရင်တော့ ချစ်သူသက်တမ်း လေးနှစ်ခွဲကြာမှာ လက်ထပ်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။