အေးဂျင့်က လီဝန်ဒေါစကီးရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ အေးဂျင့် ဇဟာဗီက သူ့ကစားသမားဟာ မန်စီးတီးကို ရောက်ရှိလာနိုင်တယ်လို့ Bild ကိုဖွင့်ဟပြောကြားခဲ့ပါတယ်။



အသက် (၃၃) နှစ်အရွယ် ပိုလန်လက်ရွေးစင်တိုက်စစ်မှူးကြီးဟာ အရင်တည်းက မန်စီးတီးရဲ့ ပစ်မှတ်အဖြစ် မကြာခဏ သတင်းထွက်ခဲ့ပြီး ရီးရဲယ်မက်ဒရစ်ကတော့ လီဝန်ဒေါစကီးကို အမြဲတမ်း စောင့်ကြည့်နေခဲ့တဲ့ အသင်းတစ်သင်းလို့ဆိုရမှာပါ။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ဘိုင်ယန်မြူးနစ်က ထွက်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် အသင်းက လက်မလွှတ်ခဲ့တာကြောင့် ဂျာမန်မြေမှာပဲဆက်ရှိနေခဲ့တာပါ။ လီဝန်ဒေါစကီးဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ အမြဲတမ်းဆန္ဒရှိခဲ့ပြီး အသက် (၃၃) နှစ်ရှိသည့်တိုင် အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပြသနေဆဲဖြစ်ပါတယ်။

လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် မန်စီးတီးအပြင် ချဲလ်ဆီးကလည်း စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးတို့ ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားမှုမအောင်မြင်ခဲ့တာကြောင့် လီဝန်ဒေါစကီးရဲ့ အေးဂျင့် ဇဟာဗီဆီ ချဥ်းကပ်ခဲ့ပါသေးတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၀) ကစား၊ (၄၈) ဂိုးသွင်းယူနိုင်ခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို (၂၀၂၁) Ballon d’Or အတွက်လည်း ရေပန်းစားနေပါတယ်။ လက်ရှိဘောလုံးရာသီမှာလည်း လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းခြေစွမ်းက မကျသွားဘဲ (၁၀) ပွဲကစား၊ (၁၃) ဂိုးသွင်းထားပြီးပါပြီ။

လီဝန်ဒေါစကီးကိုယ်တိုင်ကလည်း “ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းက အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလည်း အတူတူပါပဲ။ နောက်ထပ် နှစ်ပေါင်းများစွာ ကစားနိုင်ပြီး သေချာပေါက် နောက်ထပ် (၄) နှစ် အနည်းဆုံး ဆက်ကစားနိုင်ပါတယ်။ အဲ့ဒီထက် ပိုကြာကြာကစားနိုင်မလား စောင့်ကြည့်ရမှာပေါ့”

“လွန်ခဲ့တဲ့တစ်နှစ်လောက်ကသာ ကျွန်တော်က အသက် (၂၇) ဆိုရင် အခု ကျွန်တော့်အသက်က (၂၅) (၂၆) လောက်ဖြစ်နေတာမျိုးပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော့် မှတ်တမ်းတွေက အခုချိန်မှာ အကောင်းဆုံးဖြစ်နေလို့လေ” ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။

မန်စီးတီးကလည်း ဗဟိုတိုက်စစ်မှူး လိုအပ်နေချိန်ဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့တွေမှာ မန်စီးတီးတို့ လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးစားလာဦးမလား စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က