မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ပိုလန်တို့ရဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်မှာ ဘယ်လ်ဂျီယံက ဂိုးဒါဇင်ဝက်အထိ သွင်းယူကာ ဂိုးမိုးရွာခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ အုပ်စုအဖွင့်ပွဲမှာ နယ်သာလန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ အပြည့်အဝ အားထည့်ပြီး ပိုလန်ကို တဖက်သတ် အသာစီးရရှိခဲ့ပါတယ်။
ပိုလန်ကလည်း ပွဲကစားချိန် (၂၈) မိနစ်မှာ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံရဲ့ တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ဂိုးတွေဆက်တိုက်ပြန်ပေးခဲ့ရပြီး အခုလိုပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ ပထမပိုင်းမှာတင် ဝစ်ဆဲလ်ရဲ့ချေပဂိုးကြောင့် တဖက်တဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ပိုလန်ခံစစ် လုံးဝကို ပြိုဆင်းသွားခဲ့ပြီး ဟာဇက်ရဲ့ ဖန်တီးပေးမှုကတဆင့်လည်း ဒီဘရိုင်းက ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံအတွက် နောက်ထပ်ဂိုးတွေကိုတော့ ဟာဇက်နေရာ လူစားဝင်လာတဲ့ ထရော့ဆက်က နှစ်ဂိုး၊ ဒန်ဒွန်ကာ၊ အိုပန်ဒါတို့က တဂိုးစီ ဆက်လက်သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယံတို့ ပိုလန်ကို ၆-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ လီဝန်ဒေါစကီးဟာလည်း ပွဲကစားချိန် (၆၉) မိနစ်မှာတင် လူစားလဲခံလိုက်ရပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အခြားသော ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေမှာတော့ နယ်သာလန်၊ ယူကရိန်း၊ စကော့တလန်တို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။
နယ်သာလန်က နောက်ဆုံးမိနစ်မှာမြင်တွေ့ခဲ့ရတဲ့ ဂိုးတွေနဲ့အတူ ဝေးလ်စ်ကို ၁-၂ ဂိုး၊ စကော့တလန်က အာမေးနီးယားကို ၂-၀ ဂိုး၊ ယူကရိန်းက အိုင်ယာလန်ကို ၀-၁ ဂိုးတို့နဲ့ အသီးသီးနိုင်ပွဲရရှိခဲ့ပါတယ်။