ဘိုင်ယန်မြူးနစ်ဟာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်တဲ့အကြောင်း နောက်တကြိမ် ထပ်မံငြင်းဆန်လာခဲ့ပါတယ်။ ဒီနွေရာသီအစောပိုင်းတည်းက ဘိုင်ယန်မြူးနစ်နဲ့ ရော်နယ်ဒိုအကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က ရော်နယ်ဒိုကို တကယ်တမ်း စိတ်ဝင်စားမှုမရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်က ထွက်ခွင့်တောင်းတဲ့နောက်မှာလည်း ဘိုင်ယန်မြူးနစ်ရဲ့ အမှုဆောင်အရာရှိချုပ် အိုလီဗာခန်းက ရော်နယ်ဒိုဟာ သူတို့လိုချင်တဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ လူသိရှင်ကြား ဖွင့်ပြောခဲ့ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးကလည်း နည်းပြတူဟယ်လ်ရဲ့ ဆန္ဒကြောင့် ရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ဘူးလို့ အတည်ပြုနိုင်ခဲ့ပြီး ပီအက်စ်ဂျီကလည်း ရော်နယ်ဒိုကို ငြင်းဆန်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ကစားသမားကို ဘိုင်ယန်မြူးနစ်ဆီ ပို့ဆောင်ဖို့ ဆက်လက်ကြိုးစားနေခဲ့ပါတယ်။
အခုအချိန်မှာလည်း ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က “ကျနော် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ကစားသမားဘဝ ဖြတ်သန်းခဲ့ရာ လမ်းကြောင်းကို အများကြီး လေးစားပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်တကြိမ် ထပ်ပြောပါရစေ။ ရော်နယ်ဒိုကို ခေါ်ယူဖို့ဆိုတာ အရင်ကရော၊ အခုရော ကျနော်တို့အတွက် လုပ်ဆောင်ရမယ့်ကိစ္စတခု မဟုတ်ခဲ့ပါဘူး” လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။
ဆာလီဟာမစ်ဇစ်ဟာ အရင်ကလည်း ရော်နယ်ဒိုရဲ့ အသက်အရွယ်ကြောင့် ခေါ်ယူဖို့ မဖြစ်နိုင်တဲ့အကြောင်းပြောကြားထားဖူးပါတယ်။ အခုတကြိမ်ကတော့ ရော်နယ်ဒိုကို မခေါ်ဘူးလို့ ဒုတိယအကြိမ် ထပ်မံငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီကနေ့မှာပဲ တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာထံ ယူရိုသန်း (၅၀) နဲ့ လက်လွှတ်ခဲ့ရပေမယ့် ရော်နယ်ဒိုကို ခေါ်ယူဖို့ အခုချိန်ထိ စိတ်မဝင်စားသေးတာလည်းဖြစ်ပါတယ်။