လာလီဂါ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဟာဗီယာတီဘက်စ်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာတို့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အပေါ် ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် မဖြစ်နိုင်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
လာမယ့် (၂၀၂၃) ဇွန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လီဝန်ဒေါစကီးက လာမယ့်နွေရာသီမှာတင် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာအပြင် အခြားသော ဥရောပထိပ်တန်းအသင်းကြီးအချို့က စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် လီဝန်ဒေါစကီးကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက်သာ ဆုံးဖြတ်ထားပြီး ဘာစီလိုနာကလည်း ဇာဗီရဲ့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာဟာ လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) ကနေ သန်း (၄၀) အတွင်း အသုံးပြုရမှာဖြစ်ပါတယ်။
လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ တီဘက်စ်ကတော့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဒီလိုမျိုး ငွေကြေးသုံးစွဲဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလာပါတယ်။ တီဘက်စ်က “ကိန်းဂဏန်းတွေက အရမ်းကို လွယ်ကူပါတယ်။ နောက်ဆုံးနှစ်နှစ်အတွင်းမှာ ခင်ဗျားက ယူရိုသန်း (၅၀၀) အရှုံးပေါ်ထားတယ်၊ ကစားသမားသစ်ခေါ်ဖို့ကလည်း လိုအပ်နေပြန်တယ်”
“ဒါပေမယ့် လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တနှစ်ကျန်သေးတယ်၊ သူ လိုချင်တဲ့ လစာငွေပမာဏနဲ့ ဘိုင်ယန်မြူးနစ်လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး၊ ဒါတွေကြားထဲမှာ သူ ဘာစီလိုနာကို ရောက်လာမယ် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ရောင်းချပြီး လီဝန်ဒေါစကီးအတွက် ငွေရှာနိုင်မလားဆိုတဲ့အပေါ်မှာလည်း တီဘက်စ်က အခုလိုပြောပါတယ်။
တီဘက်စ်က “ဘယ်လောက်နဲ့ရောင်းလိုက်တယ်၊ ပြီးရင် လီဝန်ဒေါစကီးအတွက် ဘယ်လောက်ပြန်သုံးရမယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒီဂျောင်ကိုသာ ယူရိုသန်း (၁၀၀) အထက်နဲ့ ရောင်းလိုက်ရင် ဒါ အဆင်ပြေပါတယ်။ ဒီဂျောင်အတွက် ဒီလောက်က ရကောင်းရနိုင်ပါတယ်”
“ဒါပေမယ့် ဘာစီလိုနာက ဒီဂျောင်ကို ရောင်းချဖို့ စီစဥ်ထားရဲ့လား ကျနော် မသိပါဘူး။ ဒီနေ့အထိတော့ သူ့ကို မရောင်းသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင်နဲ့ အက်စတွန်ဗီလာဆီ ရောင်းချခဲ့ပြီးလည်းဖြစ်ပါတယ်။