လာမယ့်ရက်သတ္တပတ်ကတော့ လီယွန်နယ်မက်ဆီအတွက် အရေးအကြီးဆုံး ရက်သတ္တပတ်ဖြစ်လာတော့မှာပါ။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲ နဲ့ ဗိုလ်လုပွဲတွေကို ဒီတပတ်ထဲမှာ ကစားသွားမှာဖြစ်ပြီး အာဂျင်တိးနားအသင်းခေါင်းဆောင်အတွက်တော့ သူ့ဘ၀မှာ ပြီးပြည့်စုံနဲ့ အောင်မြင်မှုတွေကို ရယူနိုင်/မနိုင် အဆုံးအဖြတ်ပေးမယ့်ကာလလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကိုပါအမေရိကဖလားကို ရယူထားနိုင်ပြီး ကမ္ဘာ့ဖလားကိုပါ ထပ်မံဆွတ်ခူးကာ မက်ဆီက ပြီးပြည့်စုံတဲ့ နိုင်ငံတကာကစားသမားဘ၀ကို ရယူနိုင်မလားဆိုတာကိုလည်း အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့ အဓိကဆုဖလားအဖြစ် ကိုပါအမေရိကဖလားတလုံး ဆွတ်ခူးထားတာဖြစ်ပြီး ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ်ရှိနေတာပါ။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကိုလည်း သူ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် အဆိုပါအောင်မြင်မှု ၃ ခုကို မက်ဆီ ရယူနိုင်ဖို့က ဒီတပတ်အတွင်းမှာပဲ လုပ်ပြရမှာဖြစ်ကာ သူ့အတွက် အရေးအကြီးဆုံးနေ့ရက်တွေလည်း ဖြစ်လာတော့မှာပါ။
အာဂျင်တီးနားဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲကို ကစားရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင်တော့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။