Qualcomm ကတော့ အဆင့်မြင့် in-display ultrasonic လက်ဗွေဖတ်စနစ်သစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
3D Sonic Max လို့ နာမည်ပေးထားတဲ့ ဒီလက်ဗွေနည်းပညာသစ်ဟာ အရင်ထွက်ထားတဲ့ 3D Sonic Sensor လက်ဗွေအာရုံခံစနစ်တွေထက် ၁၇ ဆ ပိုကြီးပြီး လက်ရှိ fingerprint sensor တွေထဲမှာ အကြီးဆုံးလို့ Qualcomm က ဆိုပါတယ်။ 3D Sonic Max ရဲ့ နောက်ထပ် ထူးခြားချက်က လုံခြုံရေးစနစ် ပိုပြီး အဆင့်မြင့်စေဖို့ လက်ဗွေနှစ်ခုကို တစ်ပြိုက်နက်တည်း ဖတ်နိုင်တာ ဖြစ်တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။
Photo: Tom's Guide
အရင်ထွက်ထားတဲ့ Qualcomm ရဲ့ ပထမမျိုးဆက် 3D Sonic Sensor လည်း ultrasonic လက်ဗွေနည်းပညာ သုံးထားပြီး လက်ရှိထွက်ထားတဲ့ optical in-display လက်ဗွေနည်းပညာတွေထက် ပိုမို စိတ်ချယုံကြည်ရပြီး လုံခြုံမှု မြင့်မားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း 3D Sonic Sensor ကို စပြီး အသုံးပြုခဲ့တဲ့ Samsung Galaxy S10 စီးရီးမှာ စတင် အသုံးပြုခဲ့ပြီး မဆိုင်သူတွေရဲ့ လက်ဗွေနဲ့ log in ဝင်လို့ရတဲ့ ပြဿနာ တက်ခဲ့ပြီး အတော်လေး ရှင်းယူလိုက်ရပါတယ်။
ယူကေဘဏ်တစ်ခုဖြစ်တဲ့ Nationwide Building Society ရဲ့ app ထဲမှာ Galaxy S10 ဖုန်းပိုင်ရှင်တွေအတွက် လက်ဗွေနဲ့Login ဝင်လို့ရတဲ့ option ကို ပိတ်ထားခဲ့သလို နောက်ထပ် ယူကေအခြေစိုက် ဘဏ်တစ်ခု ဖြစ်တဲ့ NatWest ကလည်း Galaxy S10 ဖုန်းသုံးသူတွေအတွက် Google Play Store ကနေ apps တွေကို ဖယ်ရှားထားခဲ့သလို တစ်ခြားဘဏ်အဖွဲ့အစည်းတွေကလည်း Galaxy S10 နဲ့ Note ဖုန်းတွေကို support ပေးမှု ယာယီပိတ်ခဲ့ပါတယ်။
Photo: wccftech
အခု sensor သစ်မှာ အရင် ပထမမျိုးဆက် fingerprint sesnor မှာ ကြုံခဲ့တဲ့ လက်ဗွေဖတ်မှု နှေးကွေးတာ ၊ sensor သေးလို့ တိတိကျကျ မဖတ်နိုင်တာ နဲ့ screen protectors ကပ်ထားချိန်မှာ လက်ဗွေကို တစ်ခြားသူတွေ လာဖွင့်နိုင်တဲ့ ပြဿနာတွေ ရှင်းလင်းထားဖို့ ရှိပါတယ်။ 3D Sonic Sensor မှာ လက်ဗွေဖတ်နိုင်တဲ့ ဧရိယာဟာ 4mm x 9mm ပဲ ရှိပြီး 3D Sonic Max မှာ 20mm x 30 mm အထိ ရှိလာပါတယ်။ sensor ဖတ်တဲ့ နေရာပိုကျယ်ကျယ် သုံးလာလို့ လက်ဗွေကို တိတိကျကျ မြန်မြန်ဆန်ဆန် ဖတ်ဖို့ ပိုလွယ်လာမယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။
3D Sonic Max ကို ဘယ်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေမှာ သုံးသွားမယ်ဆိုတာတော့ မသိရသေးပါဘူး။ MacRumors သတင်းတစ်ပုဒ်အရ လာမယ့် ၂၀၂၀ မှာ Apple ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် in-display လက်ဗွေနည်းပညာကို iPhone တွေမှာ သုံးသွားမယ်လို့ ဖော်ပြထားတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။