တိုင်ရွန်တစ်ယောက် လက်ဆောင်ရတဲ့ ထီလက်မှတ်ကနေ ထီပေါက်လို့ ဝမ်းသာနေပါတယ်တဲ့။ သူက လက်ရှိမှာ စီနီယာအနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားတွေ ရိုက်ကူးလာရသူပါ။
Photo: တိုင်ရွန်
သရုပ်ဆောင် တိုင်ရွန်က ၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ လက်ဆောင်ရခဲ့တဲ့ ထီလက်မှတ်ကနေ ၅ သောင်းဆု ပေါက်ခဲ့ပါတယ်တဲ့။ သူ့ရဲ့ ထီနံပါတ်ကတော့ ဠ ၄၇၅၁၀၁ ဖြစ်ပါတယ်။
‘’ဘဝမှာ ပထမဆုံးကြိမ် ထီပေါက် ငါးသောင်းဆုလေးပါ #အောင်သီရီရုပ်ရှင်ထုတ်လုပ်ရေးက ဖိတ်တဲ့ #နို့ဘီလူးဇာတ်ကား ဖိတ်စာထဲက လက်ဆောင်ထီလက်မှတ်လေးပါ။ ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်။ April Fool မဟုတ်ပါ။ သေချာကြည့်နိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သိန်းတစ်သောင်းတန်အိမ်မက်ဆိုတဲ့ ကားလေးရိုက်ကူးနေစဉ် တိုက်ဆိုင်တာပါ’’ ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: တိုင်ရွန်
တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင် မတတ်တာလည်းပါပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။
Photo: တိုင်ရွန်
ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။