၃ ကြိမ်မြောက် ရင်ဆိုင်ပွဲက သရေနဲ့ပြီးဆုံးခဲ့တာကြောင့် ဒေ့ဗ်က ချန်ပီယံအဖြစ် ဆက်လက်ရှိနေပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က ထိုးသတ်ခဲ့တဲ့ AIR KBZ GRAND FINAL မြန်မာပြည်အလွတ်တန်းချန်ပီယံလုပွဲမှာ ထွန်းထွန်းမင်းနဲ့ဒေ့ဗ်တို့ သရေပွဲ ဖြစ်ခဲ့ပါတယ်။ ဒေ့ဗ်က ရွှေခါးပတ် ချန်ပီယံ ဖြစ်ပြီး ထွန်းထွန်းမင်းက စိန်ခေါ်ခဲ့တာပါ။ ဒါပေမယ့်လည်း ထွန်းထွန်းမင်းအနေ နဲ့ဒေ့ဗ်ကို အနိုင်မထိုးနိုင်တာကြောင့် ခါးပတ်ကို လွှဲပြောင်းမယူနိုင်ခဲ့ပဲ ဒေ့ဗ်ကသာ ချန်ပီယံအဖြစ် ဆက်ရှိနေခဲ့ ပါတယ်။
လက်ဝှေ့ပွဲ ပြီးသွားပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ ပွဲပြီးသုံးသပ်ချက်တွေကတော့ မပြီးသေးပဲ ဒီကနေ့ အထိ ဆိုရှယ်မီဒီယာပေါ်မှာ ဆက်လက် တိုကိခိုက်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။
ထွန်းထွန်းမင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ - “သွေးကြောင်လို့ထွက်ပြေးနေတဲ့အဆင့်က ကမ္ဘာ ချန်ပီယံလုပ်လို့မရပါဘူး။မြန်မာ့လက်ဝှေ့ကို အခုထက်ပိုပြီးသင့်ယူပြီးမှ ကမ္ဘာပတ်ပြီး ချပြသင့်ပါတယ်။ရိုးရာ လက်ဝှေ့စစ်ကို သင်ယူလိုက်ပါဦး။ ရထားတဲ့ အနိုင်လေးကိုယူပြီး ထွက်ပြေးနေရမှာတော့ ကျွန်တော်က ရှက်တယ်။” လို့ ဒေ့ဗ်ကို ပြောဆိုရေးသားထားတာတွေ့ရပါတယ်။
အဲ့ဒီပွဲမှာ ဒေ့ဗ်က အားသာတဲ့ အရပ်အမောင်းကို အသုံးချပြီး ထွန်းထွန်းမင်းကို ရင်ဆိုင်ခဲ့တာတွေ့ရသလို ထွန်း ထွန်းမင်းကလည်း တရစပ် တိုက်ကွက်တွေနဲ့ လက်သီးတွဲလုံးတွေကို အသုံးပြု ရင်ဆိုင်ခဲ့ကြတာပါ။ အခုလို ထွန်းထွန်းမင်းရဲ့ ရေးသားဖော်ပြချက်တွေအပေါ်မှာတော့ ချန်ပီယံ ဒေ့ဗ်ကလည်း အခုလိုမျိုး ပြန်လည် တုံ့ပြန်ထားပြန်ပါတယ်။
“ အချိန်တိုအတွင်း အလဲထိုးပြမယ်လို့ ကျွန်တော်ပြောခဲ့တဲ့အတိုင်း ပထမအချီမှာပဲ အနားတောင်းခဲ့ရတာ တွေ့တယ်မလား၊အောင်လကတောင် MMA မှာဆို ပထမအချီမှာတည်းက ပွဲသိမ်းပြီလို့ ပြောခဲ့တာပါ။ ဒါကို ဘာလို့ ပွဲမြန်မြန်မသိမ်းတာလဲဆိုတော့ မြန်မာလူမျိုးတွေက ပွဲသိမ်းမြန်တာ မကြိုက်ဘူးလေ၊ကျွန်တော် လည်းရေဘူးတွေ မကြိုက်ပါဘူး။ ဒါကြောင့် ပွဲကို ကြာအောင်လိုက်ထိုးပေးခဲ့တာာပါ။” လို့ ပြောထားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတော့ အတွေးအမျိုးမျိုး အမြင်အဖြာဖြာ ရှိနေကြပြီး သူတို့ နှစ်ဦးကလည်း စကားရည်လုပွဲကို ဆက်လက် တိုက်နေကြဆဲပါ။အခုပွဲက နှစ်ဦးစလုံးအတွက် ၃ ကြိမ်မြောက် ပြန်လည်ရင်ဆိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ တုန်းက သရေကျခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ဒေ့ဗ်က အလဲထိုးနဲ့ အနိုင်ယူပြီး လက်ရှိ မြန်မာပြည် ချန်ပီယံ ဖြစ်နေခဲ့တာပါ။