2019-2020 DPC Season ရဲ့ ပထမဦးဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major ဟာ ရောက်ရှိလို့လာပါပြီ။

   2019-2020 DPC Season ရဲ့ ပထမဦးဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major ဟာ ရောက်ရှိလို့လာပါပြီ။


         Major တို့ရဲ့ထုံးစံအတိုင်း ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁ သန်းနဲ့ DPC အမှတ် ၁၅၀၀၀ ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ Regional Qualifier ပေါင်းစုံကအသင်း ၁၅ သင်းနဲ့ ပြီးခဲ့တဲ့ DOTA Summit Season 11 Minor ချန်ပီယံအသင်း ၁ သင်း စုစုပေါင်း ၁၆ သင်းတို့ကပါဝင်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။ အခုအချိန်မှာ အုပ်စုတွေခွဲပြီးသွားပြီဖြစ်ပြီး ဘယ်အသင်းကဘယ်အုပ်စုမှာလဲဆိုတာကို အောက်မှာပုံနဲ့ဖော်ပြပေးထားပါမယ်။



Group A


         ဒီအုပ်စုမှာ EHOME, Fighting Pandas, TNC Predator, Unknown Team တို့ပါဝင်ပါတယ်။


EHOME

         Core Player တွေကို ပြောင်းလဲမှုပြုလုပ်ထားတဲ့ EHOME ကတော့ MDL Chengdu ကိုဝင်ခွင့်ရခဲ့တဲ့ ၃ သင်းထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။ တရုတ် Legendary ကစားသမားတစ်ဦးလို့ဆိုရမယ့် xiao8 က နည်းပြအဖြစ်တာဝန်ယူထားပြီး Vtfaded, 897 တို့နဲ့အားထပ်ဖြည့်ထားတဲ့ဒီအသင်းက အရင်ထက်ကောင်းလာတယ်ဆိုတာကိုတော့ လက်ခံရမှာပါ။ ဒါပေမယ့် လက်ရှိလူစာရင်းအနေအထားအရတော့ အကောင်းဆုံးကြိုးစားခဲ့ရင်တောင် ဖျက်မြင်းအသင်းအဆင့်လောက်ပဲရှိမှာပါ။


FIGHTING PANDAS


         NA အတွက်ပေးခဲ့တဲ့ ဝင်ခွင့် ၃ နေရာမှာ တစ်နေရာရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ Fighting Pandas ကိုတော့ လျှော့တွက်လို့မရတာ အသေအချာပါပဲ။ ဒါပေမယ့် Evil Geniuses ကလွဲရင် တခြားလန့်စရာပြိုင်ဘက်အသင်းမရှိတဲ့ NA က တခြား Region တွေထက်စာရင် ပြိုင်ဆိုင်မှုအားသိပ်မကောင်းတာ အားလုံးသိကြမှာပါ။ Eternal Envy ဦးဆောင်တဲ့ Fighting Pandas အနေနဲ့ကတော့ အလွန်ဆုံးမှန်းနိုင်ရင် Top 8 အတွင်းပါပဲ။ အဲဒီထက်ပိုစွမ်းဆောင်နိုင်မယ့် လူအင်အားမျိုးသူတို့မှာမရှိပါဘူး။


TNC PREDATOR

         ESL One Hamburg နဲ့ WESG SEA 2019 ကို ဆက်တိုက်ဗိုလ်ဆွဲထားတဲ့ TNC ကတော့ လက်ရှိမှာအရမ်းကိုဟော့နေတဲ့အသင်းပါ။ ကစားသမားအပြောင်းအလဲပြုလုပ်ထားတာ မကြာသေးပေမယ့် အချိန်တိုအတွင်းမှာ အထိုင်ကျပြီး ထိပ်တန်းလက်စွမ်းကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ သူတို့အသင်းစုဖွဲ့မှုအားကတော့ အံ့မခန်းပါပဲ။ ဒီအုပ်စုမှာတော့ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ဖို့က သေချာသလောက်ရှိပြီး ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့ အသင်းလည်းဖြစ်ပါတယ်။ ESL One Hamburg ကလက်စွမ်းကိုသာ ဒီပြိုင်ပွဲအထိသယ်လာနိုင်ခဲ့မယ်ဆိုရင်တော့ Top 3 ကတော့ မြေကြီးနဲ့လက်ခက်မလွဲပါပဲ။


TEAM UNKNOWN

         တောင်အမေရိက ကစားသမားအဟောင်းတွေရော အသစ်တွေပါ ပါဝင်တဲ့ Team Unknown ဟာ ဟိုးအရင်ကတည်းက အိမ်ဖြည့်ဖြစ်ခဲ့တဲ့အသင်းပါ။ ဒါပေမယ့် ဒီပြိုင်ပွဲကိုရောက်လာပြီဆိုကတည်းက ဒီနေရာနဲ့ထိုက်တန်လို့ဆိုတာ ပေါ်လွင်နေပါပြီ။ ဒီပြိုင်ပွဲဟာ သူတို့အနေနဲ့ အိမ်ဖြည့်အသင်းမဟုတ်တော့ဘူးဆိုတာကို သက်သေပြဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။


Group B


         ဒီအုပ်စုမှာတော့ Alliance, Fnatic, Team Spirit နဲ့ Vici Gaming တို့ပါဝင်ပါတယ်။


ALLIANCE

         အသင်းဖွဲ့စည်းပြီး ဘာမှမကြာသေးဘဲ DreamLeague Season 12 ချန်ပီယံဖြစ်ထားသလို ESL One Hamburg မှာလည်း ထိပ်ဆုံး ၃ သင်းအဆင့်ထဲဝင်နိုင်ခဲ့ပါတယ်။ ကစားသမားအားလုံး အတွဲညီညီနဲ့ အောင်ပွဲတွေရယူနေနိုင်ပေမယ့် ပြဿနာတစ်ခုကတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ Mid ကစားသမား Limmp ရဲ့ Hero Pool ပါ။ Limmp ရဲ့ Hero Pool ပြဿနာကိုသာဖြေရှင်းနိုင်ခဲ့ရင်တော့ Alliance ဟာ Europe Powerhouse အသင်းတစ်သင်းဖြစ်လာဖို့ အလားအလာတွေ အများကြီးရှိပါတယ်။ ဒီပြိုင်ပွဲမှာလည်း ဘယ်အဆင့်အထိရောက်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။


FNATIC

         23savage ကလွဲလို့ အတွေ့အကြုံရင့်ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ Fnatic ကတော့ ကြားထဲမှာ ဘာပြိုင်ပွဲမှ ဝင်မပြိုင်တာကြောင့် ဒေသတွင်းပြိုင်ဘက် TNC လောက် ဂုဏ်သတင်းမမွှေးပါဘူး။ ဒီပြိုင်ပွဲဟာ ကစားသမားသစ် 23savage အတွက်တော့ ပထမဦးဆုံး Major ပြိုင်ပွဲဖြစ်တာကြောင့် စိန်ခေါ်မှုတွေကတော့ ရှိနေမှာပါ။ Fnatic ဟာ စုဖွဲ့မှုအားကောင်းပြီး ကစားသမားတစ်ဦးချင်းစီရဲ့လက်စွမ်းက တော်တော်လေးကိုကောင်းမွန်တဲ့ အသင်းဖြစ်ပါတယ်။ Qualifier မှာလည်း သူတို့လက်စွမ်းကိုတွေ့မြင်ခဲ့ကြပြီးဖြစ်မှာပါ။ Fnatic ကတော့ SEA ကိုဂုဏ်ငယ်စေမှာမဟုတ်ပါဘူး။


TEAM SPIRIT


         Qualifier မှာ Positive Guys ဆိုတဲ့နာမည်နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Major ဝင်ခွင့်ရသွားပြီးတဲ့နောက်မှာတော့ Dota2 အသင်းလက်မဲ့ဖြစ်နေတဲ့ Team Spirit က ကစားသမားတွေကိုခေါ်ယူခဲ့ပါတယ်။ ဒီအသင်းမှာတော့ iLTW, Ghostik, Immersion တို့လို CIS က မျက်နှာသိကစားသမားတွေပါဝင်ပါတယ်။ လျှော့တွက်လို့မရပေမယ့် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းမျိုးမဟုတ်ပါဘူး။


VICI GAMING


         TI ချန်ပီယံဖြစ်ဖို့ထိပ်ဆုံးကရေပန်းစားခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ အဆင့် ၆ နေရာနဲ့ ပြိုင်ပွဲကထွက်ခွာခဲ့ရတဲ့ VG ဟာ လက်ရှိအချိန်အထိ ပြိုင်ဘက်တိုင်းရှိန်ရတဲ့အသင်းတစ်သင်း ဖြစ်နေတုန်းပါပဲ။ ESL One Hamburg မှာလည်း အဆင့် ၆ သာရရှိခဲ့ပေမယ့် အထင်သေးလို့မရတဲ့အသင်းမျိုးပါ။ VG အနေနဲ့ ဒီပြိုင်ပွဲမှာ အိမ်ကွင်းအားသာချက်လည်း ရှိနေတာကြောင့် Top 4 ထဲကိုအလွယ်တကူဝင်ရောက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။


Group C


         ဒီအုပ်စုမှာတော့ Adroit, Evil Geniuses, Team Aster နဲ့ Team Liquid တို့ပါဝင်ပါတယ်။


ADROIT

         အသင်းသစ်ဖြစ်နေပေမယ့် SEA မှာ အချိန်အတော်အကြာကျင်လည်ခဲ့တဲ့ ကစားသမားတွေပါဝင်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲဟာ သူတို့အတွက် ပထမဦးဆုံး Major ဖြစ်တာကြောင့် အများကြီးတော့သွားမျှော်လင့်လို့မရပါဘူး။ အုပ်စုကလည်း အနည်းငယ်ကျပ်တယ်လို့ဆိုနိုင်တာကြောင့် ဒီအုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့တောင် တော်တော်လေးရုန်းကန်ရမှာပါ။ ဒီအသင်းက ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး ဆီးဂိမ်းဝင်ပြိုင်မယ့် ကစားသမားအများစုပါဝင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။


EVIL GENIUSES


         Region စုံ All-star အသင်းလိုဖြစ်နေတဲ့ EG ဟာ ဒီပြိုင်ပွဲမှာ အင်အားအကြီးဆုံးအသင်းဖြစ်တယ်ဆိုတာကိုတော့ လက်မခံတဲ့သူမရှိလောက်ပါဘူး။ OG, ex-Liquid, PSG.LGD, Team Secret တို့လိုအသင်းတွေမပါတဲ့ ဒီမေဂျာဟာ EG အတွက်တော့ ၂ ခါမရတဲ့အခွင့်အရေးလို့ဆိုရမှာပါ။ EG အနေနဲ့ ဒီအခွင့်အရေးကို အမိအရအသုံးချနိုင်ပြီး ချန်ပီယံဆုကိုဖြစ်အောင် စွမ်းဆောင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


TEAM ASTER

         Newbee နဲ့အတူတောက်ပခဲ့ဖူးတဲ့ Sccc ကတော့ Team Aster အရောက်မှာ သူ့ရဲ့အရင် Mid Role ကိုစွန့်လွှတ်ပြီး Carry Role ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ ChYuan, Xxs, Boboka, Fade တို့ပါဝင်တဲ့ဒီအသင်းက လူစာရင်းအားဖြင့်ဆိုရင်တော့ တော်တော်လေးတောင့်တင်းတယ်လို့ ဆိုရမှာဖြစ်ပြီး အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့က သူတို့အတွက် မခက်ခဲလှပါဘူး။ VG အလွန်စောင့်ကြည့်ရမယ့် တရုတ်အသင်းတစ်သင်းပါပဲ။


TEAM LIQUID


         Alliance ကစားသမားဟောင်းတွေပါဝင်တဲ့ Team Liquid ကတော့ Organization ပြောင်းပြီးအစပိုင်းမှာ ဟုတ်တုတ်တုတ်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လက်စွမ်းဟာ သိသိသာသာကို ထိုးကျလာခဲ့ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ESL One Hamburg မှာလည်း ထိပ်ဆုံးကနေ အိမ်လှည့်ပြန်ခဲ့ရတဲ့အထိ အခြေအနေတွေကဆိုးရွားနေပါတယ်။ ဒီလက်စွမ်းနဲ့သာဆိုရင်တော့ Main Event တက်ဖို့ကို Adroit နဲ့အသည်းအသန်လုရမယ့်ပုံပါပဲ။


 


Group D


         ဒီအုပ်စုမှာတော့ Beastcoast, Gambit Esports, Invictus Gaming, J.Storm တို့ပါဝင်ပါတယ်။


BEASTCOAST


         TI9 မှာ SA Dota ဟာ အိမ်ဖြည့်မဟုတ်တော့ကြောင်း သက်သေပြနိုင်ခဲ့တဲ့ Stinger တို့လူစုကတော့ ဒီပြိုင်ပွဲမှာ Beastcoast အသင်းနာမည်အောက်ကနေ ဆော့ကစားသွားမှာပါ။ SA ရဲ့အကောင်းဆုံးအသင်းလို့ဆိုနိုင်ပေမယ့် တစ်ကမ္ဘာလုံးစာနဲ့ယှဉ်ကြည့်လိုက်ရင် ဖျက်မြင်းအသင်းအဆင့်သာရှိသေးတာကို လက်ခံရမှာပါ။ TI လိုပြိုင်ပွဲကြီးမှာတောင် Top 8 ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းအတွက်ကတော့ တကယ်အားထည့်ကစားရင် MDL မှာ Top 6 ဝင်ဖို့က သိပ်မခက်ခဲလှပါဘူး။


GAMBIT ESPORTS

         TI9 ဝင်ခွင့်ကိုဆုံးရှုံးလိုက်ရတဲ့နောက်ပိုင်း အသင်းက အကွဲအပြဲဖြစ်သွားလိုက်တာ နောက်ဆုံးမှာ အသင်းခေါင်းဆောင် fng တစ်ယောက်သာ ကျန်တော့တဲ့အထိပါပဲ။ fng ကတော့ လက်မလျှော့ဘဲ ကစားသမားအသစ်တွေခေါ်ယူပြီး အသင်းကိုပြန်လည်ဖွဲ့စည်းက Qualifier ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ခဲ့ပါတယ်။ ဒီအသင်းမှာ fng နဲ့ Schalo ကလွဲလို့ ကျန်တဲ့ကစားသမားတွေဟာ ပြိုင်ပွဲကြီးအတွေ့အကြုံမရှိတဲ့ ကစားသမားတွေဖြစ်တာကြောင့် ဒီအချက်ဟာ သူတို့အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီအုပ်စုဟာ လက်ရည်သိပ်မကွာတဲ့အသင်းတွေချည်းပါဝင်တာကြောင့် နောက်တစ်ဆင့်တက်ဖို့ကိုတော့ အနည်းငယ်ရုန်းကန်ရမှာပါ။


INVICTUS GAMING


         IG ကတော့ DOTA Summit Season 11 ရဲ့ချန်ပီယံဖြစ်ခဲ့တာကြောင့် MDL Major အတွက် ဝင်ခွင့်တစ်နေရာစာ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်ခုကို လောလောလတ်လတ်အနိုင်ရရှိထားတာကြောင့် သူတို့ရဲ့ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုက တခြားအသင်းတွေထက် သာလွန်နေမှာအသေအချာပါပဲ။ သူတို့ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ဘယ်အတိုင်းအတာအထိ ဆက်တွန်းသွားနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။


J.STORM


         Old Man Fear တို့နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ DreamLeague Season 12 ကရလဒ်တွေအရတော့ J.Storm ရဲ့လက်စွမ်းဟာ အားရဖွယ်ရာသိပ်မရှိပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲဟာ Major ပြိုင်ပွဲဖြစ်တာကြောင့် သူတို့အနေနဲ့ တစ်ခုခုတော့ပြင်ဆင်လာမှာပါ။ သူတို့ဘယ်လောက်တိုးတက်လာကြောင်းပြချင်ရင်တော့ ဒီပြိုင်ပွဲဟာ အကောင်းဆုံးအခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။


         MDL Chengdu Major ပြိုင်ပွဲကြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာကျင်းပသွားမှာပါ။ အုပ်စုပွဲစဉ်တွေကိုတော့ အောက်တိုဘာလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၈း၃၀ ခန့်ကနေစတင်ပြီးထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က