မြန်မာနိုင်ငံရဲ့ လက်ရှိဦးတည်နေတဲ့ ပညာရေးစနစ်ကဘွဲ့ရရုံပညာရေးစနစ်မဟုတ်ဘဲ ကိုယ့်အတွက်တင်မက ကိုယ့်ပတ်ဝန်းကျင်နဲ့နိုင်ငံအတွက်ကိုပါ အကျိုးပြုနိုင်တဲ့ ပညာရေးစနစ်ကို နိုင်ငံတော်က ပေးချင်တာဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
COVID ကာလမှာ အခြေခံကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ဘယ်လိုအခြေအနေနမျိုးမှာပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်က ရပ်ထားလို့ မရဘူးလို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ ပညာရေးအသိုင်းအဝိုင်းတာဝန်ရှိသူတွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့တာပါ။
“ အခြေအနေတစ်ခုကြောင့် ပညာရေးစနစ်ကို ရပ်ထားလိုက်လို့ ကလေးတွေက ကျောင်းနဲ့ကင်းကွာသွားတဲ့အခါမှာပညာသင်ချင်တဲ့စိတ်က နည်းနည်းလျော့သွားတယ်။ ကျောင်းတွေပိတ်တာ သိပ်များတဲ့အခါကျတော့ ပညာရေးဘက်ကို တကယ်ထိခိုက်ပါတယ်။ နောက်ကျမှ မြန်မြန်ဆန်ဆန်အောင်တဲ့လူများအောင် ဖြတ်လမ်းနည်းနဲ့သင်ပေးလိုက်တာနဲ့ ဘယ်တော့မှမတူဘူး။ ဘွဲ့တော့ရသွားတာပေါ့။ ဘွဲ့ရရုံနဲ့ ပညာတတ်မဟုတ်ဘူး။ ကျွန်မတို့ဦးတည်နေတဲ့ပညာရေးကလည်း ဘွဲ့ရရုံပညာရေးစနစ်မဟုတ်ဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
အခုလို COVID ကာလမှာတော့ ကျောင်းတွေကို လရှည်စွာ ပိတ်ထားမှာ မဟုတ်ဘဲ အားလုံးရဲ့ အကြံဉာဏ်နဲ့ပဲ ကျောင်းတွေကို အကောင်းဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကျောင်းတွေပြန်ဖွင့်တဲ့ အခါမှာ ကနဦး မူလတန်းအဆင့်ကနေ ပြန်ဖွင့်မယ်လို့ စီစဉ်ထားပြီး အခုတွေ့ဆုံပွဲမှာ ကျောင်းသားမိဘနဲ့ ဆရာတွေရဲ့ အကြံပေးမှုကြောင့် အလယ်တန်းနဲ့ အထက်တန်းအဆင့်ကို အရင်ဖွင့်ဖို့ ညှိနှိုင်းဆောင်ရွက်ကာ စမ်းသပ်ကာလအနေနဲ့ အရင်ဆုံးလုပ်ဆောင်သွားမယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။