ဒီသတင်းကြောင့် ရှယ်ယာဈေး ၉% ကျဆင်းသွားခဲ့ပါတယ်။

လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ လခစားဝန်ထမ်းတွေအစား နာရီအလိုက် လုပ်ခပေးရတဲ့ ဝန်ထမ်းတွေကို အားပြုသွားတော့မှာ ဖြစ်ပါတယ်။ 

သောကြာနေ့က ဝန်ထမ်းအားလုံးကို ပေးပို့တဲ့ ကုမ္ပဏီ CEO အီလွန်မတ်စ်ရဲ့ အီးမေးလ်ထဲမှာ ကုမ္ပဏီအနေနဲ့ လခစားဝန်ထမ်းအင်အားရဲ့ ၁၀% ကို အလုပ်ဖြုတ်သွားမယ်လို့ ပြောထားပါတယ်။ စီးပွားရေးအနာဂါတ်နဲ့ ပတ်သက်ပြီး Tesla CEO အနေနဲ့ "အလွန်ဆိုးရွားတဲ့ ခံစားချက်"တစ်ခု ရှိတာကြောင့် ဝန်ထမ်းအင်အား လျှော့ချလိုက်တာလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ 




Tesla အမှုဆောင်တွေကို ပေးပို့တဲ့ ကုမ္ပဏီအတွင်း ညွှန်ကြားချက်တစ်စောင်ထဲမှာ Tesla ကားကုမ္ပဏီအနေနဲ့ ကမ္ဘာတလွှား ဝန်ထမ်းခန့်အပ်မှု ရပ်ထားမယ့်အကြောင်းပါ အသိပေးထားတယ်လို့ ဆိုပါတယ်။ ၂၀၂၁ နှစ်ကုန်အထိ Tesla ကုမ္ပဏီဟာ ကမ္ဘာအနှံ့ ဝန်ထမ်းပေါင်း ၉၉၂၉၀ ခန့်အပ်ထားတာ ဖြစ်ပါတယ်။

Tesla မှာ လူလျှော့မယ့်သတင်းဟာ ဒီရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့တဲ့ Tesla နဲ့ SpaceX ဝန်ထမ်းတွေ ရုံးမှာ တစ်ပတ် နာရီ ၄၀ အနည်းဆုံး အလုပ်ပြန်လုပ်ကြဖို့ နဲ့ ရုံးမတက်ချင်ရင် အလုပ်သစ်ရှာကြဖို့ ကုမ္ပဏီရဲ့ ကြေညာချက် ထွက်လာပြီးနောက် ကြားသိရတာ ဖြစ်ပါတယ်။ Tesla ရှယ်ယာဈေးဟာ သောကြာနေ့မှာ ၉% ကျော် ကျဆင်းသွားခဲ့ပါတယ်။ 

Tesla ရဲ့ ဝန်ထမ်းအင်အား လျှော့ချတဲ့ သတင်းတွေ ထွက်လာပြီးနောက် အီလွန်မတ်စ်ရဲ့ အပျက်သဘောဆောင်တဲ့ စီးပွားရေးအမြင်နဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဘိုင်ဒင်ကတော့ မတ်စ်အနေနဲ့ စီးပွားရေးဂယက် စိုးရိမ်ချက်တွေနဲ့ လူလျှော့မှုတွေ လုပ်နေပေမယ့် တခြားအမေရိကန်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Ford ကတော့ လျှပ်စစ်ကားသစ်တွေ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမှု တိုးလုပ်နေတဲ့အပြင် အမေရိကန်အနောက်အလယ်ပိုင်းတလွှားမှာ ဝန်ထမ်းသစ် ၆၀၀၀ အထိ ခန့်အပ်ထားတယ်လို့ ပြောခဲ့ပါတယ်။


Tesla CEO နဲ့ ဘိုင်ဒင်အကြား အဆင်မပြေတဲ့ ဆက်ဆံရေးတွေ ရှိပေမယ့် ဘိုင်ဒင်ဟာ Fiat Chrysler Automobiles (ယခု Stellantis N.V) ကို အမေရိကန်မှာ လျှပ်စစ်ကားထုတ်လုပ်ရေး ရင်းနှီးမြှပ်နှံမှုအတွက် ချီးကျူးခဲ့သလို Intel ကိုလည်း ကွန်ပျူတာချပ်စ်ထုတ်လုပ်ရေးမှာ အလုပ်အကိုင်သစ် ၂ သောင်း တိုးခန့်လာတဲ့အပေါ် ကြိုဆိုကြောင်း ထုတ်ပြောခဲ့ပါတယ်။ 

Tesla မှာ လူလျှော့မယ့် သတင်းထွက်လာချိန်မှာ ဘိုင်ဒင်က "ဒီလိုဆိုတော့လည်း ခင်ဗျားသိပါတယ်။ သူ့ရဲ့ လကမ္ဘာသွားခရီးစဉ်တွေ ကံကောင်းပါစေပေါ့ဗျာ" ဆိုပြီး ဟာသလုပ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က