ပရီးမီးယားလိဂ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေကို ဆက်လက်ကစားနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အခွင့်အရေးရှိလာခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်လက်ကျန်ဘောလုံးရာသီကို ဆက်လက်ကစားနိုင်ခြင်းမရှိခဲ့ပါက အဆင့် ၉ နေရာမှာ ရပ်တည်နေရပေမယ့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်တယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ မနေ့က အဖွဲ့ဝင်နိုင်ငံတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီး လက်ကျန်ဘောလုံးရာသီကို ပြီးဆုံးအောင်ဆက်လက်ကစားနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေကို ဆက်လက်ကစားနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အခွင့်အရေးရှိလာခဲ့တာဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ယူအီးအက်ဖ်အေအနေနဲ့ လက်ကျန်ရာသီကို ဆက်လက်မကစားနိုင်ခဲ့ပါက သူတို့ရဲ့အမှတ်ပေးနည်းစနစ်ကို အသုံးပြုပြီး လာမယ့်ရာသီဥရောပဝင်ခွင့်ရရှိမယ့် အသင်းတွေကို သတ်မှတ်ပေးသွားမယ်လို့ သိရပါတယ်။
ဒီအဆင့်သတ်မှတ်ချက်မှာတော့ ပြီးခဲ့တဲ့ငါးရာသီအတွင်းက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရလဒ်တွေအပေါ် မူတည်ကာတွက်ချက်ထားတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အာဆင်နယ်အနေနဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်အဖြစ် လီဗာပူးလ်၊ မန်စီးတီး၊ ယူနိုက်တက်တို့နဲ့အတူ နေရာရရှိမှာလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်၊ ချယ်လ်ဆီး၊ လက်စတာတို့ကတော့ ယူရိုပါလိဂ်ဝင်ခွင့်နေရာကိုသာ ရယူနိုင်မှာဖြစ်ပြီးတော့ ဝုလ်ဗ် နဲ့ ရှက်ဖီးလ်တို့က ဥရောပပြိုင်ပွဲကစားခွင့်ဆုံးရှုံးရမှာဖြစ်ပါတယ်။ တကယ်လို့ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့် ပိတ်ပင်ထားမှုက အထမြောက်ခဲ့မယ်ဆိုရင်တော့ စပါးအသင်းက အစားထိုးဝင်ရောက်ကစားခွင့်ရရှိမယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ လက်ရှိပရီးမီးယားလိဂ်အဆင့် ၃ နေရာနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ လက်စတာနဲ့ ချယ်လ်ဆီးတို့အတွက်တော့ နစ်နာမှုတွေဖြစ်လာမှာပါ။ လက်စတာက ရမှတ် ၅၃ မှတ်၊ ချယ်လ်ဆီးက ၄၈ မှတ်နဲ့ ရပ်တည်နေတာဖြစ်ပြီး အဆင့်ငါးနေရာက ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ ၃ မှတ်ကွာဟနေတာဖြစ်ပြီး အာဆင်နယ်ကတော့ ၈ မှတ်အထိ ပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။