မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဆုကြေးငွေနဲ့ ပုံရိပ်အသုံးပြုခ အပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ ရရှိနေသူဖြစ်ပါတယ်။
အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ ဆန်းချက်ဇ်အတွက် ဆိုးရွားတဲ့ဖြစ်ရပ်ဆိုတာကို အရန်ခုံမှာ အချိန်ဖြုန်းနေရခြင်းက သက်သေပြသခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသလို ဒဏ်ရာလည်း ရရှိထားသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၄၁ ပွဲပါဝင်ကစားထားရမှာ ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလက မော်ရင်ဟိုရဲ့နေရာမှာ ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှား ရောက်ရှိလာတဲ့အချိန်မှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ဆန်းချက်ဇ်က လာမယ့်နွေရာသီမှာ အသင်းသစ်ကို ပြောင်းရွှေ့လိုကြောင်း ၎င်းရဲ့ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဆန်းချက်ဇ်ဟာ ၎င်းရဲ့လက်ရှိလစာအတိုင်း ပေးချေနိုင်တဲ့ ကလပ်အသင်းအနည်းငယ်သာရှိတယ်ဆိုတာ သိခဲ့ပြီး သဘောတူညီမှုအသစ် ရရှိဖို့အတွက် ပြန်လည်ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားကလည်း ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပေးလိုတဲ့ဆန္ဒရှိနေပြီး ဆန်းချက်ဇ်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့အတွက် စာချုပ်သက်တမ်းမှာ ကျန်ရှိနေတဲ့လစာကို မယူတော့ဖို့ ဆန္ဒရှိနေတယ်လို့ Daily Star ရဲ့ဖော်ပြချက်အရ သိရပါတယ်။