တာဝန်မဲ့ စွပ်စွဲပြောဆိုချက်လို့ တရုတ်ဘက်က ပြောပါတယ်

လကမ္ဘာကို တရုတ်နိုင်ငံက စစ်ရေးစီမံချက်တစ်ခုအနေနဲ့ ထိန်းချုပ်သွားနိုင်တယ်ဆိုတဲ့ NASA အကြီးအကဲရဲ့ ပြောဆိုချက်ကို တာဝန်ယူမှုမရှိတဲ့ စွပ်စွဲချက်တစ်ခုအဖြစ် တရုတ်ဘက်က ပယ်ချလိုက်ပါတယ်။ 

အမေရိကန်အာကာသအေဂျင်စီ NASA အုပ်ချုပ်ရေးမှူးဖြစ်သူ ဘီလ် နယ်လ်ဆင်က ဂျာမန်သတင်းစာ Bild နဲ့ အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ တရုတ်ရဲ့ အာကာသရည်မှန်းချက်တွေအပေါ် စိုးရိမ်ပူပန်တယ်လို့ ပြောခဲ့ပါတယ်။



နာဆာအကြီးအကဲ နယ်လ်ဆင် (Photo : Space)

 

"လပေါ် တရုတ်တွေ ဆင်းသက်မှုလုပ်လာပြီး "ဒါက အခု ငါတို့အပိုင်ဖြစ်သွားပြီး မင်းတို့ သွားတော့" လို့ ပြောမှာကို ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ရမှာပါ။ " လို့ ဘေဂျင်းရဲ့ လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်းတွေကို ရည်ရွယ်ပြီး နယ်လ်ဆင်က ပြောခဲ့တာပါ။ တရုတ်ရဲ့ အာကာသစီမံကိန်းတွေဟာ စစ်တပ်အစီအစဉ်တစ်ခု ဖြစ်ခဲ့ပြီး တရုတ်အနေနဲ့ တခြားသူတွေဆီက နည်းပညာနဲ့ အိုင်ဒီယာတွေ ခိုးယူခဲ့တယ်လို့လည်း အမေရိကန်အာကာသအေဂျင်စီ အကြီးအကဲက ပြောခဲ့ပါတယ်။ 

နယ်လ်ဆင်ရဲ့ ပြောကြားချက်အပေါ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက တာဝန်ယူမှုမရှိတဲ့ မှတ်ချက်တွေဖြစ်လို့ အလေးအနက်ကန့်ကွက်ကြောင်း တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အာကာသပြင်ပမှာ နိုင်ငံပေါင်းစုံအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ဖို့ပဲ အမြဲ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အာကာသစီမံကိန်းလုပ်ဆောင်မှု အရှိန်မြှင့်တင်ခဲ့သလို လပေါ် စူးစမ်းဖွေရှာမှုတွေလည်း အာရုံစိုက်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်ရဲ့ လူမဲ့ လဆင်းယာဉ်ဟာ လပေါ် ပထမဆုံး ဆင်းသက်နိုင်ခဲ့ပြီးနောက် လက်ရှိ ဆယ်စုနှစ်အကုန် ၂၀၃၀ အတွင်း အာကာသယာဉ်မှူးတွေ လိုက်ပါနိုင်အောင် အားကောင်းတဲ့ ဒုံးကျည်တွေနဲ့ လကမ္ဘာသွား ခရီးစဉ်တွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ 

တရုတ်အာကာသအဖွဲ့အစည်းဟာ နိုင်ငံတကာ အာကာသစခန်း ISS နဲ့ အပြိုင် Tiangong လို့ ခေါ်တဲ့ module သုံးခုပါ အာကာသစခန်းတစ်ခု တည်ဆောက်နေပါတယ်။ အမေရိကန်ဘက်ကလည်း NASA အာကာသအဖွဲ့အစည်းနဲ့ တရုတ်အကြား အချက်အလက်မျှဝေမှုကို ပိတ်ပင်တဲ့ ဥပဒေတွေ ထုတ်ထားပါတယ်။ NASA ဟာ Artemis Programme နဲ့ ၂၀၂၄ ခုနှစ်မှာ လပေါ် လူလိုက်ပါတဲ့ မစ်ရှင်တစ်ခု စေလွှတ်ဖို့ စီစဉ်ထားသလို ၂၀၂၅ မှာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းအနားမှာ အာကာသယာဉ်မှူးနဲ့ ဆင်းသက်မှုတစ်ခု လုပ်ဆောင်ဖို့လည်း ရှိပါတယ်။ 


အာကာသထဲ တရုတ်ရဲ့ စစ်ရေးရည်ရွယ်ချက်က ဘာဖြစ်မလဲလို့ Bild သတင်းစာက မေးချိန်မှာ နယ်လ်ဆင်က "သူတို့က တခြားသူတွေရဲ့ ဂြိုလ်တုတွေကို ဘယ်လိုဖျက်ဆီးရမလဲ လေ့လာနေကြတာ" လို့ ပြန်ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းကတော့ တရုတ်နဲ့ ပတ်သက်ပြီး NASA အကြီးအကဲတွေ အချက်အလက်မှန်ကို လျစ်လျူရှုပြီး တာဝန်မဲ့ပြောကြားတာဟာ နယ်လ်ဆင်က ပထမဆုံးမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က