တစ်ဦးချင်းစီ ၂ ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူးတွေပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဂိုးသွင်းနှုန်း ပိုမိုများပြားအောင် ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ သတိပေးပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နည်းပြဆိုးလ်ရှားဟာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းထံ ပြောင်းရွှေ့စေခဲ့ပြီး ခြေစွမ်းမပြသနိုင်တဲ့ မာရှယ်နဲ့ ရက်ရှ်ဖို့တို့ကို ယုံကြည်မှု ပေးထားခဲ့တာဖြစ်ပါတယ်။ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ဆွမ်ဆီးစီးတီးက ခေါ်ယူထားတဲ့ ဒန်နီရယ်ဂျိမ်းကလည်း ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြဆိုးလ်ရှားက ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အပိုင်ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တဲ့အတွက် စိတ်ပျက်နေပြီး ၎င်းရဲ့ အဓိကတိုက်စစ်မှူး ၂ ဦးကို ဂိုးရှေ့မှာ အညှာအတာကင်းမဲ့စွာ ဂိုးတွေ ပိုမိုသွင်းယူူစေချင်နေတာဖြစ်ပါတယ်။

“ခင်ဗျား ၃၈ ပွဲ ကစားဖို့ရှိတယ်။ အဲဒီတော့ ခင်ဗျား ကစားဖော်အဖြစ်နဲ့ တစ်ဦးချင်းစီ အနည်းဆုံး ၁၉ ဂိုးစီ သွင်းယူနိုင်မယ်ဆိုရင် သွင်းဂိုး ၄၀ ပတ်ဝန်းကျင်တော့ ရှိမှာပါ။ အဲဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒါက ထိပ်တန်းအဆင့်မဟုတ်ပါဘူး”

“အခုအချိန်မှာ ဒန်နီရယ်ဂျိမ်းက ၃ ဂိုး သွင်းထားတယ်။ မားကပ်စ်နဲ့ အန်သိုနီတို့က ၂ ဂိုးစီ သွင်းထားတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲစဉ် ၄ ပွဲထဲမှာ အန်သိုနီက ၃ ပွဲပဲ ပါဝင်ကစားပေးထားတယ်။ အဲဒီတော့ သူ တိုးတက်လာတာပေါ့”

“ပိုပြီးကောင်းမွန်လာဖို့အတွက်က ကြိုတင်သိမြင်နေမှုပေါ့။ ခင်ဗျား ဘယ်နေရာမှာ ရှိနေရမယ်ဆိုတာ သိနေရမယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးဆိုတာက အဲဒီမှာ လုံးဝရှိနေတာပါ။ ကျွန်တော်တို့ ဘယ်ကို ပြေးရမလဲ၊ ဘယ်အချိန်မှာ ပြေးရမလဲ၊ ဘယ်လိုပြေးရလဲ။ ပြီးရင် ဘယ်လိုနောက်ဆုံးအဆုံးသတ်ရမလဲ။ သူတို့တွေ အဲဒါကို လုပ်ဖို့ ကြိုးစားနေပါတယ်”

“သူတို့တွေ တစ်ချိန်လုံး လေ့ကျင့်နေကြတယ်။ ကျွန်တော်တို့ ဒန်နဲ့ မားကပ်စ်တို့ရဲ့သွင်းဂိုးတွေကို ဒီအပတ်မှာ မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အန်သိုနီလည်း လာမယ့်အပတ်မှာ ဂိုးသွင်းနိုင်မှာပါ”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


Share

Loading Next Article...
က္က