ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ လက်စတာစီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် တတိယနေရာကို ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
ပထမပိုင်း စစချင်းမှာ ဧည့့်သည်မန်စီးတီးအသင်းဟာ လက်စတာစီးတီးအသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၁၄ မိနစ်မှာ အဂူရိုရဲ့ပေးပို့မှုကနေတစ်ဆင့် ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အဖွင့်ဂိုးပေးလိုက်ရတဲ့ အိမ်ရှင်လက်စတာစီးတီးအသင်းဟာ မန်ချက်စတာစီးတီးအသင်းဘက်ကို ချေပဂိုးသွင်းယူဖို့ တရကြမ်း တိုက်စစ်ဆင်ခဲ့ပြီး ၁၉ မိနစ်မှာ ဗာဒီရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် မာ့ဘရိုက်တန်က အိမ်ရှင်လက်စတာစီးတီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ပြီး ကစားနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ကြပြီး တိုက်စစ်ကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြပြီး ၈၁ မိနစ်မှာ ရီကာဒိုပါရဲရားက လက်စတာစီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မိနစ် ၉၀ မှာ ဖေဘီယံဒဲ့ဖ် ကစားပုံကြမ်းတမ်းခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပြီး ပွဲပြီးဆုံးတဲ့အထိ အိမ်ရှင်လက်စတာစီးတီးအသင်းက အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။