လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ အိမ်ကွင်းအန်းဖီးမှာ လက်စတာစီးတီးကြယ်ပွင့် ဂျေမီဗာဒီကို ထိန်းချုပ်ထားနိုင်ချင်တယ်ဆိုရင် ဆဲဘတ်အသင်းနဲ့ပွဲစဉ်တုန်းက စွမ်းဆောင်ရည်ထက် အများကြီးတိုးတက်အောင် ပြုလုပ်ရလိမ့်မယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၂၂ ဂိုးနဲ့ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ယခုရာသီမှာတော့ ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။
စနေနေ့ညနေခင်းမှာ လီဗာပူးအသင်းဟာ လက်စတာစီးတီးအသင်းကို အိမ်ကွင်းအန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို ၅-၀ နဲ့ အပြတ်အသတ်အနိုင်ယူထားတာဖြစ်ပါတယ်။
လက်စတာကြယ်ပွင့်တိုက်စစ်မှူး ဂျေမီဗာဒီဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အနိုင်ရလဒ်ကြောင့် လက်စတာစီးတီးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ဆဲဘတ်နဲ့ပွဲစဉ်မှာ လီဗာပူးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဆာဒီယိုမာနေးက ၎င်းတို့အသင်းအနေနဲ့ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ တတ်နိုင်သမျှ အကောင်းဆုံးကစားသွားမှသာ အနိုင်ရရှိမယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။
“တကယ်လို့ ကျွန်တော်တို့ အနိုင်ရရှိချင်တယ်ဆိုရင် ဆဲဘတ်နဲ့ပွဲကထက် ပိုကောင်းမွန်အောင် ကစားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်စတာအကြောင်းကို သိလို့ပါ”
“အထူးသဖြင့် ဒီရာသီမှာ သူတို့တွေ အရမ်းတောင့်တင်းနေပြီး အရမ်းကောင်းမွန်တဲ့အသင်းဖြစ်နေပါတယ်”
“ဗာဒီက အမြဲတမ်း ဂိုးတွေ သွင်းနေတယ်”
“ကျွန်တော်တို့ ဒီပွဲမှာ သူ ဂိုးမသွင်းနိုင်အောင် လုပ်ရမှာဖြစ်ပြီး ကျွန်တော်တို့ ရနိုင်သမျှ အခွင့်အရေးတွေ အားလုံး ယူနိုင်ဖို့ ကြိုးစားရမှာပါ။ အဲဒါက အဓိကသော့ချက်ပါပဲ”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။